News

POST TYPE

NEWS

တောင်ငူ မြို့မဈေးသစ် တည်ဆောက်မည့် ဒီဇိုင်းဈေးသူဈေးသားများကို ရှင်းလင်း
18-Nov-2017 tagged as တောင်ငူ


တောင်ငူ၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ မီးဘေးသင့် တောင်ငူမြို့မဈေး၏ မြေနေရာတွင် ဈေးသစ် တည်ဆောက်ရေး ဈေးပုံစံဒီဇိုင်းကို ဈေးတည်ဆောက်ရေး တာဝန်ရှိသူများက ဈေးသူဈေးသားများကို ယနေ့(နိုဝင်ဘာ ၁၈ ရက်)တွင် ရှင်းလင်းချပြခဲ့သည်။

ဈေးသစ် တည်ဆောက်ရန် ဆာဗားနား ကုမ္ပဏီက ရေးဆွဲပေးသော ဈေးသစ်ဒီဇိုင်းကို တိုင်းဒေသကြီး အစိုးရက ရှင်းပြပေးရန် ညွှန်ကြားသဖြင့် လာရောက် တင်ပြခြင်းဖြစ်ပြီး ဈေးသူဈေးသားများ၏ အသံကို လာရောက် နားထောင်ခြင်းလည်းဖြစ်ကြောင်း ဈေးတည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးထိုက်လင်းက ပြောကြားသည်။

ယခင်အစိုးရဟောင်းလက်ထက်က တည်ဆောက်ခွင့် ချထားပေးခဲ့သည့် အောင်စည်တီးသံ အများပိုင်ကုမ္ပဏီကို လက်ရှိ အစိုးရသစ်က ယခုနှစ် ဇန်နဝါရီလက အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခဲ့ပြီး ဈေးတည်ဆောက်မည့် ကုမ္ပဏီသစ်ကို ပြန်လည် ခေါ်ယူနိုင်ရေး ရေးဆွဲထားသည့် ပုံစံဒီဇိုင်းကို ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းက ပြောကြားသည်။

အဆိုပါ ဈေးသစ်ကြီးကို ယခင်အစိုးရဟောင်းလက်ထက်က ဈေးသူဈေးသားများနှင့် ညှိနှိုင်းတိုင်ပင်ကာ အများပိုင် အောင်စည်တီးသံ ကုမ္ပဏီ တည်ထောင်ပြီး တင်ဒါ ရယူနိုင်ခဲ့သော်လည်း ယနေ့တိုင် တင်ဒါ ဖျက်သိမ်းကြောင်း အကြောင်းကြားစာ မရသေးကြောင်း၊ အောင်စည်တီးသံ ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာဘဆွေက ပြောကြားသည်။

“တင်ဒါခေါ်မယ် ပြောနေတော့ ဘာကြောင့် ဖျက်သိမ်းသလဲဆိုတာတောင် မသိရတဲ့ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ အစိုးရအဖွဲ့ကို တရားစွဲဖို့ပဲ ကျန်တော့တယ်”ဟု ၎င်းက ပြောဆိုသည်။

တောင်ငူမြို့မဈေးကြီးကို အသစ်ပြန်လည် တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ထားသည့် ဈေးသစ်ဒီဇိုင်းသည် မီးဘေးသင့် ဈေးသူဈေးသားများအတွက် အဆင်မပြေကြောင်း ဈေးရုံ ၂ ကိုယ်စားလှယ် ဒေါ်ဝင့်ကေသွယ်က ပြောကြားသည်။

ထို့ပြင် မူလ မီးလောင်ပျက်စီးစဉ်က မြေညီထပ် ဈေးဆိုင်ခန်းများသာ ဖြစ်သည့်အတွက် ယခုပုံစံနှင့်ဆိုပါက မီးဘေးသင့် ဆိုင်ခန်းများအတိုင်း ပြန်မရနိုင်ကြောင်း၊ ဈေးသူဈေးသားများ သဘောတူညီမှုနှင့် ဆုံးဖြတ်ထားသည့် ယခင် တင်ဒါအောင်ကုမ္ပဏီ၏ ဒီဇိုင်းအတိုင်းသာ အနီးစပ်ဆုံး ရေးဆွဲပေးရန် လိုအပ်ကြောင်း ဒေါ်ဝင့်ကေသွယ်က ပြောကြားသည်။

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက တောင်ငူမြို့မဈေးရှိ ဈေးရုံပေါင်း ၃၈ရုံအနက် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၃၄၈ ဆိုင် မီးလောင်ပျက်ဆီးဆုံးရုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု သိန်းခြောက်သောင်းကျော်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ဟောင်းက ထုတ်ပြန်ခဲ့သည်။

R-15