News

POST TYPE

NEWS

ဇင်ဘာဘွေ အာဏာသိမ်းမှု စစ်တပ် ဘာဆက်လုပ်မည်ကို ပြည်သူများ စိုးရိမ်တကြီး စောင့်ကြည့်
17-Nov-2017


ဟာရာရီ၊ နိုဝင်ဘာ ၁၆

ဇင်ဘာဘွေနိုင်ငံတွင် နိုင်ငံပိုင်မီဒီယာကို စစ်တပ်က စီးနင်းသိမ်းပိုက်ပြီး ရာဇဝတ်သားများကို ပစ်မှတ်ထားဖယ်ရှားရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု  ထုတ်ဖော် ပြောဆိုထားသော်လည်း စစ်တပ်အနေနှင့် မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင်မည်ဟူသည်ကို မည်သူမျှ သဲသဲကွဲကွဲ မသိဘဲဖြစ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ သည် ဟာရာရီမြို့ရှိ နေအိမ်တွင်ရှိနေသည်ဟု အစိုးရက ဆိုထားသော်လည်း သမ္မတ၏ဇနီးဖြစ်သူ(မူဂါဘီအား သမ္မတအဖြစ် ဆက်ရှိနေရန် ကြိုးပမ်းနေသူ) ဂရေ့စ်မှာ နမ်ဘီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။ 

ဇင်ဘာဘွေ စစ်တပ်၏ အဆိုပါ လုပ်ဆောင်ချက်သည် မူဂါဘီ၏ နိုင်ငံရေးပြိုင်ဘက် ဒုတိယသမ္မတ အီမာဆင်မန်ဂါဂွါကို ရာထူးမှ ဖယ်ရှားမှု ဖြစ်ပေါ်ပြီးနောက် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ 

လက်ရှိ အနေအထားတွင် ဒုတိယသမ္မတ အီမာဆင်မန်ဂါဂွါ မည်သည့်နေရာသို့ ရောက်ရှိနေသည် ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။ 

အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သော မူဂါဘီသည် ၁၉၈၀ ပြည့်နှစ် ဗြိတိသျှတို့ထံမှ ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေး ရယူနိုင်ခဲ့သည့် အချိန်မှစ၍ အာဏာရရှိခဲ့သည်။ 

သို့သော် မူဂါဘီ၏ သမ္မတရာထူးကို မည်သူ ဆက်ခံသင့်သည် ဟူသောကိစ္စနှင့်ပတ်သက်၍ ဇနီးဖြစ်သူ မစ္စဂရေ့စ်မူဂါဘီနှင့် အီမာဆင်မန်ဂါဂွါတို့အကြား အာဏာလွန်ဆွဲလျက်ရှိသလို  အာဏာရ Zanu-PF ပါတီတွင်းလည်း အကွဲအပြဲ ဇာတ်လမ်းများ ပေါ်ပေါက်ခဲ့သည်။ 

သို့သော် လက်ရှိ ကြားသိရသည့် သတင်းများအရ ဇင်ဘာဘွေ စစ်တပ်သည် ဗုဒ္ဓဟူးနေ့က ရုပ်သံဌာနကို သိမ်းပိုက်လိုက်ပြီးနောက် မစ္စမူဂါဘီ၏ ဘက်တော်သားများကို ဖိအားပေးလျက်ရှိသည်။ 

ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် တောင်အာဖရိက ဖွံ့ဖြိုးရေးအဖွဲ့ (SADC) ကလည်း ဘော်စဝါနာတွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပပြီး ဇင်ဘာဘွေ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် တန်ဒီဘာတီက ၎င်းအနေနှင့် အာဏာလွှဲပြောင်းမှု ချောမွေ့စွာ လုပ်ဆောင်စေလိုကြောင်း ပြောကြားသည်။ 

“ဒီမိုကရေစီစနစ် ပြန်ဖြစ်ဖို့ အင်မတန် အရေးကြီးနေပါတယ်၊ တရားဝင်ဖြစ်မှု ပြန်ရဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်တာက အသွင်ကူးပြောင်းရေး ကာလတစ်ခုပါပဲ၊ အဲဒီအတွက် ဇင်ဘာဘွေ ပြည်သူတွေနဲ့ စစ်တပ်အကြား ဒိုင်ယာလော့ခ် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောကြားသွားသည်။ 

ဇင်ဘာဘွေတွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ပျော်ရွှင်ဝမ်းမြောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သော သမ္မတမူဂါဘီကို နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟူသော ထူးခြားသည့် သတင်းအား အတည်ပြုနိုင်ရန်လည်း ဇင်ဘာဘွေ ပြည်သူများ ကြိုးပမ်းလျက်ရှိသည်။

F-01

  • VIA