News

POST TYPE

NEWS

စစ်ကိုင်းပြတ်ရွေ့ ငလျင်လှုပ်နိုင်ခြေရှိ မရှိသိနိုင်ရန် ရွေ့လျားနှုန်းတိုင်းမည်
17-Nov-2017 tagged as စစ်ကိုင်း

မန္တလေး၊ နိုဝင်ဘာ ၁၆

မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းတည်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ အနာဂတ်ကာလတွင် ငလျင်လှုပ်နိုင်ခြေ ရှိ မရှိ သိရှိနိုင်ရန် ယခုရက်ပိုင်းအတွင်း ရွေ့လျားနှုန်းများ တိုင်းတာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

“စစ်ကိုင်းပြတ်ရွေ့ကို လေ့လာတာက တစ်နှစ်ကို ဘယ်လောက်နှုန်း ရွေ့နေသလဲ၊ အထက်အောက်နဲ့ဘေးတိုက် ဘယ်လောက် ရွေ့နေသလဲဆိုတာတွေတိုင်းမှာ။ ဒါတွေသိတဲ့အခါမှ အနာဂတ်မှာ လှုပ်လာနိုင်တဲ့ ငလျင်တွေကို ခန့်မှန်းလို့ ရနိုင်မယ်။ ဒီလိုခန့်မှန်းတာက အချိန်တိုအတွက် မဟုတ်ဘဲ ကာလရှည် ခန့်မှန်းတာပေါ့။ နှစ် ဘယ်လောက်ကြာရင် ပြန်လှုပ်နိုင်မယ်၊
ပြင်းအား ဘယ်လောက်နဲ့ လှုပ်နိုင်မယ်။ အနက် ကီလိုမီတာ ဘယ်လောက်ကနေ လှုပ်နိုင်တယ်ဆိုတဲ့ သတင်း အချက်အလက်တွေ ရချင်လို့တိုင်းတာ”ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ယင်းသို့ တိုင်းတာမှုများကို စင်ကာပူနိုင်ငံ နန့်ယန်တက္ကသိုလ်နှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တိုင်းတာမှုများ ပြုလုပ်နိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ ငလျင် ရွေ့လျားနှုန်း တိုင်းတာသည့် GPS စက်များဖြင့် နိုဝင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာ ပထမပတ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

စစ်ကိုင်းပြတ်ရွေ့ အလယ်ပိုင်းဖြစ်သည့် အင်းဝ၊ အမရပူရ၊ နေပြည်တော် စသည့်နေရာများ၊ အရှေ့ဘက်ပိုင်းရှိ ရေနံချောင်း၊ ချောက်၊ တောင်ဘက်ခြမ်းရှိ ပဲခူး၊ ဆွာ ပတ်ဝန်းကျင်၊ အနောက်ဘက်ပိုင်းရှိ မြန်မာ-အိန္ဒိယ ထိစပ်နေသော နေရာများတွင် တိုင်းတာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ငလျင်ကော်မတီ၏ လုပ်ငန်း အစီအစဉ်များအရ သိရသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ တောင်ဘက် အက်ဒမန်ပင်လယ်မှ မြောက်ပိုင်း ပူတာအိုမြို့ ပတ်ဝန်းကျင်ထိ ကီလိုမီတာ ၁၂၀ဝ ခန့် ရှည်လျားကာ ၂၀၁၂ ခုနှစ်က သပိတ်ကျင်းငလျင်၊ ၁၉၅၆ ခုနှစ်က စစ်ကိုင်းငလျင်၊ ၁၈၉၉ ခုနှစ်က အင်းဝငလျင်၊ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးငလျင် စသည့် ငလျင်ကြီးများ လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီ မှတ်တမ်းများအရ သိရသည်။

M-05