News

POST TYPE

NEWS

မွန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၄၀၀ ကျော်ရှိ
17-Nov-2017

မော်လမြိုင်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စမှ အောက်တိုဘာလကုန်ထိ အမေရိကန် ဒေါ်လာ ၄၃၆ ဒသမ ၃၅၉ သန်းရှိသည်ဟု မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ စက်မှု/ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံထားပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဟု မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောသည်။

“ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု များလာအောင်တော့ ကြိုးစားနေပါတယ်၊ လာရင်းနှီးမြုပ်နှံရင်လည်း ကျွန်တော်တို့ဘက်က ကူညီ ဆောင်ရွက်ပေးရမယ့်ဟာတွေကို ကူညီဆောင်ရွက်ပေးနေပါတယ်”ဟု အထက်ပါ ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ဆိုသည်။

ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံသည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုတွင်လည်း ယခုဘဏ္ဍာနှစ် အောက်တိုဘာလကုန်ထိ ရင်းနှီးမြုပ်နှံမှု ၃ ခုမှ ကျပ်သန်းပေါင်း ၂ သောင်းကျော်ရှိသည်ဟု ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရာတွင်လည်းကောင်း ကုမ္ပဏီများ လျှောက်ထားရာတွင်လည်းကောင်း မြန်ဆန်လွယ်ကူစေရန်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ဖွင့်လှစ်ခဲ့သည်။

Dawei Watch

  • VIA