News

POST TYPE

NEWS

ရန်ကုန်တိုင်းအတွင်း M150 အချိုရည် ပုလင်းခွံသုံး ဖောက်ခွဲမှု ကျူးလွန်သူများသည် အယ်လ်ယံကီး (ခံယူချက်) အဖွဲ့ဝင်များဟု စစ်ဆေးပေါ်ပေါက်
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး အပါအဝင် နေရာသုံးခုတွင် M150 အချို့ရည် ပုလင်းခွံ အသုံးပြု၍ ဖောက်ခွဲမှု ကျူးလွန်ခဲ့သူ ရှစ်ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက် အခြေစိုက် တရားမဝင် အဖွဲ့အစည်း အယ်လ်ယံကီး (ခံယူချက်) အဖွဲ့ဝင်များဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲမှု ကျူးလွန်သူများကို အနောက်ပိုင်း ခရိုင်တရားရုံးနှင့် အရှေ့ပိုင်း ခရိုင်တရားရုံးတို့တွင် ပေါက်ကွဲစေတတ်သော လက်နက်နှင့် ပစ္စည်းများဆိုင်ရာ အက်ဥပဒေ (၃) ဖြင့် တရားစွဲတင် စစ်ဆေးနေခြင်းဖြစ်ပြီး တရားမဝင် အဖွဲ့အစည်းဟု ထိုင်းအစိုးရက သတ်မှတ်ထားသည့် အယ်လ်ယံကီး (ခံယူချက်) အဖွဲ့ဝင်များအဖြစ် စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီအဖွဲ့အစည်းမှာ ပါနေတာတော့ မှန်ပါတယ်။ လောလောဆယ် တရားရုံး စစ်ဆေးကာလဆိုတော့ ပြည့်ပြည့်စုံစုံ ပြောဖို့ ခက်တယ်”ဟု ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ဒေါပုံ Capital Hyper Mart နှင့် တောင်ဒဂုံမြို့နယ် လ.ဝ.ကရုံးတို့ကို M150  အချိုရည် ပုလင်းခွံအတွင်း ယမ်းအပြင်းစားနှင့် ဆာလဖျူရစ်အက်စစ် ရောစပ်၍ ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒီဇင်ဘာလတွင် ကျူးလွန် သည်ဟု ယူဆသော မောင်မောင်လွင်(ခ) ကျော်မင်းလွင်၊ လှမြင့်(ခ) ရိုမင်လာ၊ ကျော်လွင် (ခ) ကိုကိုကြီး၊ မောင်မောင်(ခ) ယူနွတ်၊ မိုးနိုင်(ခ) ဇာနည်ရှား၊ ဝင်းနိုင်ဦး (ခ)အီဆာ၊ လှိုင်ဝင်း (ခ)မော်လပီဆိုင်ဖူ လာ၊ မင်းမင်း(ခ) ဆွာလေးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။ 

အယ်လ်ယံကီး (ခံယူချက်) အဖွဲ့သည် တရားမဝင် လက်နက်ကိုင်ဆောင်မှုရှိပြီး အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ယူဆသဖြင့် ထိုင်းအစိုးရက အထက်ပါအတိုင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အထည်ချုပ် စက်ရုံလုပ်သားအဖြစ် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့သော အမျိုးသားတစ်ဦးက ဆိုသည်။

“ထိုင်းမှာ လိုင်စင်နဲ့ကော တရားမဝင်ပါ လက်နက်ကိုင်ဆောင်မှုတွေရှိတယ်။ ဒီအဖွဲ့ဝင်တွေဆို နာမည်ကြီးပေါ့၊ အဲလောက် အခြေအနေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

J-17