News

POST TYPE

NEWS

စီးတီးတက္ကစီ မှတ်ပုံတင်သည့်လုပ်ငန်းတွင် ပွဲစားဈေးကွက်ပေါ်
16-Nov-2017 tagged as ရန်ကုန် တက္ကစီ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ်များ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ပွဲစားလုပ်ငန်း ပေါ်ပေါက်နေကြောင်း စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်သည့် အငှားယာဉ်မောင်းများထံမှ သိရသည်။

အငှားတက္ကစီများ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် တက္ကစီယာဉ်များ ရပ်ကာ အချိန်ကြာမြင့်အောင် စောင့်ဆိုင်းရခြင်း၊ ယာဉ်ကြောများ ပိတ်ဆို့ခြင်းတို့ကြောင်း ကိုယ်စား ဆောင်ရွက်သူ(ပွဲစား)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပွဲစားဖြင့် လုပ်ဆောင်ပါက ကျပ်သုံးသောင်းပေးရကြောင်း အဆိုပါ ယာဉ်မောင်းများထံမှ သိရသည်။

“တကယ်တမ်းက စီးတီးတက္ကစီ မှတ်ပုံတင်တာ သုံးသောင်း မကျဘူး။ ပွဲစားနဲ့လုပ်လို့ အဲဒီလောက် ကျသွားတာပါ”ဟု အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

အငှားတက္ကစီယာဉ်များ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် ယာဉ်ပိုင်ရှင်များအနေနှင့် သန်းခေါင်စာရင်း၊ ယာဉ်ပိုင်ရှင်စာအုပ်၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစား၊ လုပ်ငန်းအပိုင် ၁/၂ တြိဂံ၊ အမည်ပေါက်မရှိလျှင် ဝယ်ရောင်းစာချုပ် ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးနှင့် စာရွက်စာတမ်းဖိုးအပါ အားလုံး ကျပ် ၁၂၅၀ဝ ကျသင့်ကြောင်း YRTA ထံမှ သိရသည်။

“ပွဲစားနဲ့လုပ်တာ အချိန်တစ်နာရီပဲ ကြာတယ်။ ဒီအတိုင်းတန်းစီနေရင် တစ်နေကုန် ကြာတယ်။ အဲဒီလောက်အထိ ထိုင်မစောင့်နိုင်ကြလို့ ပွဲစားနဲ့ လုပ်ကြတာ။ သူငယ်ချင်းတွေ လုပ်ပြီးသွားပြီ”ဟု စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

လက်ရှိ စီးတီးတက္ကစီအဖြစ် လာရောက်မှတ်ပုံတင်သူ များပြားသဖြင့် (တန်းစီစနစ်) တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ရက်လျှင် ဦးရေ ၂၀ဝ မှ ၃၀ဝ ကြားအထိ ထုတ်ပေးကြောင်း စီးတီးတက္ကစီအဖြစ် မှတ်ပုံတင် ဆောင်ရွက်ပေးသည့် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း YRTA ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

“ဒီနေ့ ဝန်ကြီးချုပ်ဆီသွားပြီး ပြည်သူတွေရဲ့ တင်ပြချက်အရ နေရာခွဲ ဆောင်ရွက်ပေးဖို့ သွားတင်ပြမယ်။ မှတ်ပုံတင်တဲ့သူတွေ အရမ်းများတယ်”ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်ရန် တိုကင်ရရှိရန် တန်းစီရာ လက်ရှိတွင် နိုဝင်ဘာလ ၂၀ ရက်အထိ ပြည့်နေပြီးဖြစ်၍ အဆိုပါ ရက်ကျော်မှသာ ထပ်မံ တန်းစီရမည်ဖြစ်ကြောင်း တိုကင်ရရှိရန် တန်းစီမည့် အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်တွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်သူ ၁၅၀ ရှိပြီး နောက်ပိုင်းတွင် ဦးရေ များပြားလာပါက နေရာခွဲ၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ ပြောင်းရွှေ့မည့်နေရာမှာ အတိအကျ မသိရှိသေးကြောင်း YRTA မှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ်များ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ဒီဇင်ဘာလ ၃၁ ရက် အပြီးပြုလုပ်ရမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အငှားတက္ကစီယာဉ် ခြောက်သောင်းရှစ်ထောင်ကျော်တွင် စီးတီးတက္ကစီအဖြစ် ခြောက်သောင်းနှစ်ထောင်ကျော် မှတ်ပုံတင်ထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ကိုယ်စားဆောင်ရွက်သူ (ပွဲစား) ကိစ္စနှင့်ပတ်သက်၍ YRTA အတွင်းရေးမှူးထံ ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ညနေ ၄ နာရီကျော်ခန့်က ဆက်သွယ်မေးမြန်းရာ YRTA ဥက္ကဋ္ဌ ဖြစ်သူ လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကိုသာ မေးမြန်းခိုင်းရာ ၎င်းကို ဆက်သွယ် မေးမြန်းသော်လည်း မရပေ။

J-06