News

POST TYPE

NEWS

ဆားလက်ကျန်နည်း၍ ဆားဈေး ထက်ဝက်ကျော်တက်
14-Nov-2017 tagged as


မော်လမြိုင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်တွင် ယခင်နှစ်ထုတ် လုပ်လိုက်သည့် ဆားအထွက်နှုန်း ရရှိမှု နည်းပါးသည့်အတွက် ဆားလုပ်ငန်း မစတင်မီ ဆားလက်ကျန် နည်းနေသဖြင့် ဆားဈေးထက်ဝက်ကျော် မြင့်တက်ခဲ့ကြောင်း ဆားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

လက်ရှိတွင် ဆားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ကျော်နေသဖြင့် ဆား အထွက်စောပါက လုပ်ငန်းရှင်များအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ဂိုဒေါင်တွင် လှောင်ထားသော ဆားများ မရှိတော့ခြင်းကြောင့် ဆားဈေးတက်ရခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် အချို့လုပ်ငန်းရှင်များမှာ မနှစ်က သိုလှောင်ထားသော ဆားများကို စတင် လှန်းနေပြီဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောကြားသည်။  

လတ်တလောတွင် ဆားကြမ်းတစ်ပိဿာမှာ ကျပ် ၁၉၀ ရှိနေပြီး ဆားချော တစ်ပိဿာလျှင် ကျပ် ၂၂၅ မှ ၂၃၀ အထိရှိကြောင်း၊ ယခင်နှစ်က ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၈၀မှ ၉၀ ကြားသာရှိပြီး ဆားချောမှာ တစ်ပိဿာလျှင် ၁၂၀ ဝန်းကျင်သာရှိကြောင်း၊ ဆားဂိုဒေါင်များတွင် ဆား လက်ကျန် ကျန်ရှိမှု နည်းပါးသည့်အတွက် နေလှန်းဆားထုတ်လုပ်နိုင်ရန် အချို့ဆားဖိုများမှာ ဆားများ စတင် လှန်းနေသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် လှန်းထားသည့် ဆားကွက်များ ပျက်စီးမှုရှိနေကြောင်း ဆားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ကျွန်တော်တို့မှာတော့ နည်းနည်း စောစောလှန်းတဲ့ ဆားကွက် ၄ ကွက်လောက်ကတော့ ပျက်သွားတယ်၊ မိုးတအားရွာတော့ မိုးရေ တစ်လက်မခွဲလောက်တက်တယ်။ ဒါကြောင့် လှန်းထားတဲ့ဆားတွေက ဆားပွင့် ဖြစ်နေပေမယ့်လည်း ဘယ်လိုမှ သိမ်းလို့မရသေးတော့ ပျက်စီးသွားတယ်”ဟု သံဖြူဇရပ်မြို့နယ်ရှိ ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် နိုင်ဟုက ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်၊ ထားဝယ်သို့လည်းကောင်း၊ မြန်မာပြည် အထက်ပိုင်းဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အထိလည်းကောင်း တင်ပို့ရကြောင်း၊ မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများသည် ထွက်သလောက် ရောင်းကုန်နေသည့်အတွက် ဈေးကွက်ရှိနေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောဆိုသည်။ 

မွန်ပြည်နယ် တစ်ခုလုံးတွင် ဆားလုပ်ကိုင်သည့် ဧရိယာမှာ ဧက ၈ ထောင်ကျော် ရှိသော်လည်း အမှန်တကယ် လုပ်ကိုင်နေသည့် ဆားလုပ်ငန်းမှာ ဧက ၃ ထောင်ကျော်သာရှိကြောင်း၊ မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားမှာ တစ်ဧကလျှင် ၃တန်ခန့် ထွက်ရှိကြောင်း၊ ဆားလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ကျပ် ၅၀ ခန့် ကုန်ကျကြောင်း မွန်ပြည်နယ် ဆား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

  • TAGS