News

POST TYPE

NEWS

ဖခင်ကိုဓားဖြင့်ထိုးသူကို သားဖြစ်သူက ၁၇ နှစ်အကြာတွင် ပြန်သတ်
14-Nov-2017 tagged as

တောင်ငူ၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကြွယ်ဂံကျေးရွာအုပ်စု ကြွယ်ဂံကျေးရွာတွင် ဖခင်ကို ဓားဖြင့်ထိုးခဲ့သော အမျိုးသားကို သားဖြစ်သူက ၁၇ နှစ်အကြာ ယခုနှစ် နိုဝင်ဘာလ ၁၂ ရက် ညနေ ၆ နာရီက အရက်ဆိုင်သို့ ခေါ်ဆောင်ကာ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“သူ့အဖေကို ဓားနဲ့ထိုးတုန်းက မသေခဲ့ဘူးလို့ သိရတယ်၊ အဲ့ဒီပြဿနာတုန်းက အမှုတွေ ဘာတွေလည်း မဖွင့်ခဲ့ဘဲ အခု ၁၇ နှစ်ကြာမှ အရက်ဆိုင်မှာ အရက်အတူ သောက်ပြီး ပြန်ထိုးသတ်ခဲ့တာပါ”ဟု အုတ်တွင်း မြို့မရဲစခန်းမှူး ဒုရဲမှူး ငွေထွန်းက ပြောကြားသည်။
 
အဆိုပါနေ့က ကြွေဂံကျေးရွာနေသူ ဦးထွန်းရွှေ (၄၉ နှစ်)က တစ်ရွာတည်းနေသူ ကိုကျော်မင်းထွန်း (၃၀ နှစ်)နှင့် အရက်သောက်မည်ဟုဆိုကာ ၎င်း၏ဇနီးကို ပြောဆိုခဲ့ပြီး ရွာထဲရှိ အရက်ဆိုင်သို့ သွားခဲ့ကြောင်း၊ ယင်းနောက် အပြန် နောက်ကျသဖြင့် ဦးထွန်းရွှေ၏ဇနီးက အရက်ဆိုင်သို့ သွားရောက် ခေါ်ဆောင်သော်လည်း မလိုက်လာကြောင်း၊ ယင်းနောက် ဇနီးက နေအိမ်သို့ ပြန်လာပြီး မကြာမီ ရွာထဲရှိ အိမ်တစ်လုံး၏ ခြံစည်းရိုးဘေးသို့ ရင်အုံနှင့် လည်ပင်း အပါအဝင် ထိုးသွင်းဒဏ်ရာ ၉ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အုတ်တွင်း မြို့မရဲစခန်းထံမှ သိရသည်။ 

“ရွာမှာ ဒေါသကို မထိန်းကြဘဲ အပြန်ပြန် အလှန်လှန် လုပ်နေကြတာ အတော်ကြာပြီ ခုလည်း လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ပြဿနာကို ပြန်လုပ်တာ”ဟု လူသတ်မှု ကျူးလွန်သူ၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ကိုကျော်မင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် ဖမ်းဆီးကာ အရေးယူထားကြောင်း အုတ်တွင်း မြို့မရဲစခန်းထံမှ သိရသည်။

R-15

  • TAGS