News

POST TYPE

NEWS

ပုသိမ်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများနှင့် ၁၄၄ သိန်းဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ
14-Nov-2017 tagged as ငွေစက္ကူအတု

ပုသိမ်၊ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ် နှစ်လုံးကို နိုဝင်ဘာလ ၁၂ရက်က ရှာဖွေရာမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများနှင့် ကျပ် ၁၄၄ သိန်းဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းထံမှ သိရသည်။ 

အဆိုပါ ရပ်ကွက် ရာမည (၁၁)လမ်းရှိ ဦးဇေယျာဖြိုး (ခ) ဖြိုးကြီး(၃၆ နှစ်)၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ WY စိတ်ကြွဆေးပြား ၁၉၁ ပြားနှင့် မူးယစ်ဆေး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ဖမ်းမိခဲ့ကြောင်း၊ ပုသိမ်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 

ကိုဇေယျာဖြိုး၏ ထွက်ဆိုချက်အရ လွန်ခဲ့သော လေးနှစ်ခန့်က စိတ်ကြွဆေးကို စတင် သုံးစွဲခဲ့ပြီး တစ်ရပ်ကွက်တည်းရှိ ယုဝတီငါးဒိုင်ရှိ လင်မယားနှစ်ဦးထံမှ ဝယ်ယူက တစ်ဆင့်ပြန်လည် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းထံမှ သိရသည်။ 

ယင်းနောက် အမှတ် ၇ ရပ်ကွက်ရှိ ဦးနေမျိုးသန့်နှင့် ဒေါ်ဝင်းဝင်းတို့၏ ငါးဒိုင်သို့ ရဲတပ်ဖွဲ့က ရှာဖွေရာ ဦးနေမျိုးသန့်ကို မတွေ့ရဘဲ ၎င်း၏ဇနီး ဒေါ်ဝင်းဝင်းကိုသာ တွေ့ရပြီး  တစ်သောင်းတန် ငွေစက္ကူအတု ၂၁ရွက်နှင့် စိတ်ကြွဆေးပြား ၂၇၀ဝ ကျော်ကို သိမ်းဆည်းမိခဲ့ကြောင်း၊ ဖမ်းမိသူနှစ်ဦးနှင့် ထွက်ပြေးသူတစ်ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့်လည်းကောင်း၊ ယင်းအပြင် ဒေါ်ဝင်းဝင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မများဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း ပုသိမ်မြို့မရဲစခန်းထံမှ သိရသည်။ 

R-12