News

POST TYPE

NEWS

တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးမည့်အဖွဲ့ ဖွဲ့ရန် လွှတ်တော်အတည်ပြု
14-Nov-2017 tagged as နေပြည်တော်

နေပြည်တော်၊ နိုဝင်ဘာ ၁၄

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးရေးအတွက် လွတ်လပ်သော အဖွဲ့အစည်း (Third Party) တစ်ခု ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က “နိုင်ငံတစ်ဝန်းလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးကာ လွှတ်တော်က အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စသည် ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများမှစ၍ ပြုပြင် ပြောင်းလဲရမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် အမှီအခိုကင်း၍ လွတ်လပ်သော သက် ဆိုင်ရာပညာရှင်များ ပါဝင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ထောက်ခံ ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ပထမ Party ပိုင်ရှင်နှင့် ဒုတိယ Party ဖြစ်သော ဆောက်လုပ်ရေး လုပ်ကိုင်သူတို့ကို အင်ဂျင်နီယာလုပ်ငန်း တာဝန်ယူ ဆောင်ရွက်ရန် Third Party ကိုလိုအပ်ပြီး မှန်ကန်သောစနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မျက်လုံးနဲ့စစ်ပြီး မှန်ကန်ပါတယ်ဆိုပြီး လုံးချာလည်နေတဲ့စနစ်မျိုး ဖြစ်နေခဲ့တယ်”ဟု ၎င်းက ပြောသည်။

မှန်ကန်သော စနစ်ဖြစ်လာစေရန် ဝန်ကြီးဌာနများ ကိုယ်တိုင်က နက်နက်နဲနဲ ပြောင်းရမည်ဖြစ်ပြီး မီးသတ်ဌာန၊ ဘူမိပညာရှင်များ စစ်ဆေးမည့်ကိစ္စကိုပါ ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများသည် ဘတ်ဂျက် မတောင်းခံမီကပင် ဆောက်လုပ်မည့်ပုံစံကို ရေးဆွဲထားရမည်ထက် ဘတ်ဂျက် ရပြီး တင်ဒါခေါ်သည့် ပုံစံစနစ်ကို လုပ်နေသောကြောင့် ပြောင်းလဲရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

အဖွဲ့အစည်းတွင် ပါဝင်မည့် ပညာရှင်များအတွက် ကျင့်ဝတ်များ သတ်မှတ်ထားပြီး သီးခြား ပြဋ္ဌာန်းပေးရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို တစ်နိုင်ငံလုံး လက်ခံကျင့်သုံးနိုင်ရန် မြန်မာဘာသာ ပြန်ဆိုလျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

S-01