News

POST TYPE

NEWS

ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီလုပ်ငန်း ၁၃ ခုခွင့်ပြု
13-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက မတည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀ဝ၀ အထိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို ခွင့်ပြုမိန့် လွှဲပြောင်းပေးပြီးနောက်ပိုင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုကို ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အမေရိကန် ဒေါ်လာ ၁၈ သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုကို ခွင့်ပြုပေးနိုင်ခဲ့ကြောင်း အဆိုပါ ကော်မတီ၏ စာရင်းများအရ သိရသည်။

အဆိုပါ လုပ်ငန်းများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဟောင်ကောင်တို့မှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းများနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ငါးထောင်ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များကို လုပ်ကိုင်ပိုင်ခွင့်ပြုပြီး နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) သို့ တိုက်ရိုက် လျှောက်ထားရန် မလိုတော့ကြောင်း DICA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီလို ဖွဲ့စည်းလိုက်တာက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ခွင့်ပြုပေးနိုင်အောင် လုပ်ထားတာပါ”ဟု ၎င်းကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ယခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းပြီး ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများကို စိစစ် ဆောင်ရွက်လျက် ရှိသည်။

J-01


  • VIA