News

POST TYPE

NEWS

ရှမ်းနီတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲ တမူးမြို့တွင် ကျင်းပမည်
13-Nov-2017 tagged as ရှမ်း


ကလေး၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ရှမ်းနီတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောကြားသည်။

တမူးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ဟုမ္မလင်း၊ ခန္တီး၊ တမူး၊ ဝိုင်းမော်၊ ပင်လည်ဘူး၊ ဗန်းမောက်နှင့် ဖောင်းပြင် အစရှိသည့် မြို့များနှင့် မြန်မာနိုင်ငံအတွင်းရှိ မြို့များတွင် ပျံ့နှံ့စွာ နေထိုင်နေကြသည့် ရှမ်းနီတိုင်းရင်းသားများ စုပေါင်း၍ ရှမ်းနီတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရှမ်းနီတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်အဆင့် တိုင်းရင်းသားများ စုပေါင်း ကျင်းပခြင်းကိုမူ ၂၀၁၀ ပြည့်နှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“နတ်တော် လဆန်း တစ်ရက်နေ့မှာ ကျွန်မတို့ရဲ့ ပထမဆုံး ကောက်ဦးဆွမ်းလေးကို ဦးဦးဖျားဖျား မြတ်စွာဘုရားကို လှူဒါန်းခဲ့တာ။ အရင်ကတည်းက နှစ်ပေါင်း ထောင်ချီပြီး ကြာခဲ့ပြီ။ အဲဒီဟာကို အမှုပြုပြီးတော့မှ ရှမ်းနီ တိုင်းရင်းသားတွေ အားလုံး စုပေါင်းပြီးတော့မှ ဆွမ်းကပ်တဲ့ လှူဒါန်းပွဲပေါ့နော်”ဟု ဝန်ကြီး ဒေါ်မွှေးမွှေးခင်က ဆိုသည်။

ယင်းပွဲတွင် ရှမ်းနီတိုင်းရင်းသား ရိုးရာအကပြိုင်ပွဲများ ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခြင်း၊ တမူးမြို့မ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ပဒေသာပင် လှည့်လည်ပူဇော်ခြင်း၊ ဒုတိယနေ့တွင် ပင့်သံဃာအပါး ၁၀၀ ကျော်ကို ဆွမ်းကပ်ခြင်း၊ တရားနာခြင်းနှင့် နောက်ဆုံးနေ့တွင် ပွဲတော်ပိတ်ပွဲနှင့် လာမည့်နှစ်တွင် မည်သည့်ဒေသတွင် ကျင်းပမည်ဆိုသည့် ဒေသသတ်မှတ်ခြင်းကို ပြုလုပ်မည်ဖြစ်ကာ ၂၀၁၆ ခုနှစ်က ရှမ်းနီရိုးရာနှစ်သစ်ကူးပွဲတော်ကို ဟုမ္မလင်းမြို့တွင် ကျင်းပခဲ့သည်။

R-20