News

POST TYPE

NEWS

မန္တလေးနှင့် မကွေးတိုင်းတွင် စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကနေဒါနိုင်ငံ၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းအသုံးပြု၍ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်သည့် My Finance စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါ စီမံကိန်းကို ကနေဒါနိုင်ငံ၊ သမဝါယမ အဖွဲ့ချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ မန္တလေး တိုင်းဒေသကြီးရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူ၊ ရေစကြိုမြို့နယ် စသည့်မြို့နယ် ငါးခုတွင် နိုဝင်ဘာလမှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း ယင်းဝန်ကြီး ဌာနထံမှ သိရသည်။

“စီမံကိန်း ဆောင်ရွက်မယ့် မြို့နယ်ငါးခုက သမဝါယမအသင်းတွေ Update လုပ်ဖို့နဲ့ သင်တန်းတွေ ပေးမယ်။ ပြီးရင် အဲဒီဒေသကသူတွေနဲ့ သမအသင်းက ဝန်ထမ်းတွေကို စွမ်းဆောင်ရည် မြှင့်တင်တဲ့သင်တန်းတွေပေးမှာပါ။ အဲဒီမြို့နယ်တွေမှာ အချက်အလက်တွေ မျှဝေမယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်မှာပါ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။ 

အဆိုပါ My Finance စီမံကိန်းအရ ကနေဒါနိုင်ငံ၊ သမဝါယမ အဖွဲ့ချုပ်နှင့် သမဝါယမ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဒေသခံများနှင့် သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပေးခြင်း၊ မြို့နယ်အဆင့် သမအသင်းစုများ၊ အခြေခံ သမအသင်းများနှင့် သမငွေချေးငွေစုလုပ်ငန်းများ ရေရှည် တည်တံ့ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သမဝါယမဦးစီးဌာနထံမှ သိရသည်။ 

J-11