News

POST TYPE

NEWS

မန္တလေးနှင့် စစ်ကိုင်းယဉ်ကျေးမှု ခရီးသွားဒေသအဖြစ် အဆင့်မြှင့်ရန်ပြင်ဆင်

မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုနေရာ ၁၀ ခုကို ယဉ်ကျေးမှု ခရီးသွားဒေသအဖြစ် အဆင့်မြှင့်ရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မန္တလေး တိုအင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှေးဟောင်း မြို့တော်ငါးခု ဖွံ့ဖြိုးရေးအတွက် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း (Culture Tourism) အဖြစ် အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်းပြည်ပ ပညာရှင်များ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်ခန့်ကစ၍ စီမံကိန်းများ ရေးဆွဲခဲ့ရာ လက်ရှိတွင် စီမံကိန်းများ ရေးဆွဲပြီးဖြစ်ကြောင်း၊ ယင်းမြို့တော်များအတွင်းရှိ နေရာပေါင်း ၉၀ ကျော်ကို ဖော်ဆောင်ရန်အတွက် ကနဦးအဆင့် လျာထားခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

“အဲဒီထဲကမှ ရေတိုလုပ်ငန်းအနေနဲ့ တကယ် လုပ်နိုင်မယ့်နေရာ ၁၀ ခု ရွေးထုတ်ထားတာ။ အဲဒီလို လုပ်တဲ့နေရာမှာ ဘတ်ဂျက်က အရေးကြီး လာပါတယ်။ ဘတ်ဂျက်ရဖို့ အစိုးရကိုတင်ပြပြီး လုပ်ရတာ ရှိပါတယ်။ ဌာနဆိုင်ရာချင်း ညှိနှိုင်းပြီး လုပ်ရတယ်။ ရေတို စီမံချက်တွေချပြီး ဆောင်ရွက်နေတာတွေ ရှိတယ်။ စလုပ်မယ့်အချိန်ကိုတော့ အခု မပြောနိုင်သေးပါဘူး”ဟု ၎င်းကပြောဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊  အင်းဝ၊ အမရပူရမြို့နယ်တို့မှ ရှေးဟောင်း ယဉ်ကျေးမှုနေရာများ၊ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်းနှင့် မင်းကွန်းဒေသ ရှေးဟောင်း ယဉ်ကျေးမှုနေရာ ၁၀ ခုကို ရေတိုစီမံချက်ချ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းစီမံချက်များအရ သိရသည်။

ယင်းနေရာများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း၊ သဘာဝ အမွေအနှစ်များကို ထိန်းသိမ်းလာနိုင်ခြင်း၊ တိုက်ရိုက် ဝင်ငွေများ၊ ဆင့်ပွားဝင်ငွေများ၊ သွယ်ဝိုက်ဝင်ငွေများ ရရှိလာနိုင်ခြင်း၊ ရရှိလာသည့် ဝင်ငွေများဖြင့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြန်လည် အသုံးချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း ဦးစန်းယုက ထပ်လောင်း ပြောဆိုသည်။

“ဟိုတယ်နဲ့ ခရီးအနေနဲ့ ဒီလုပ်ငန်းတွေကို အစောကြီးက လုပ်သင့်နေတာပါ။ အခု သူတို့ လုပ်မယ်ဆိုတဲ့ နေရာတွေကလည်း ယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီး ရှိတဲ့နေရာတွေ ဖြစ်တယ်။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်”ဟု မန္တလေးတိုင်း ဧည့်လမ်းညွန်အသင်း နာယက ဦးတင်ထွန်းက မှတ်ချက်ပြုသည်။

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၇  ခုနှစ် လက်ရှိအချိန်အထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် သုံးသိန်းကျော် ဝင်ရောက်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာနရှိ စာရင်းများအရ သိရသည်။

M-05