News

POST TYPE

NEWS

မန္တလေးကျောက်ဝိုင်း ကျပ်သိန်း ၁၃၀ဝ နီးပါး အကုန်အကျခံ ပြုပြင်ပေးရန်စီစဉ်
12-Nov-2017 tagged as မန္တလေး


မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေးမြို့တော် ကျောက်ဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အခင်းဝိုင်းကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၃၀ဝ နီးပါး အကုန်အကျခံကာ ပြုပြင်ပေးရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

“အခင်းဝိုင်းက လုပ်ငန်းရှင်တွေ ဖြစ်သလိုခင်းပြီး ရောင်းနေကြရတာ။ ပြည်သူကိုပြန်ပြီး ဝန်ဆောင်မှု ပေးချင်တဲ့အတွက် သူတို့ပေးတဲ့ အခွန်ငွေနဲ့ပဲ အခင်းဝိုင်းကို အမိုး မိုးပေးမယ်။ အောက်က အခင်းတွေ လုပ်ပေးမယ်။ ရေမြောင်းတွေနဲ့ စနစ်တကျ လုပ်ပေးဖို့ ပြင်ဆင်နေတယ်”ဟု ယင်းကော်မတီဝင် ဦးကျော်ဇောအောင်က အတည်ပြု ပြောကြားသည်။ 

ယင်းနေရာတွင် စနစ်တကျ ရှိသည့် ဈေးတန်းတစ်ခု ဖြစ်လာစေရန် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၃၀ဝ နီးပါးဖြင့် သံတိုင်၊ သံကိုယ်ထည် အမိုး၊ အုတ်ခင်းတို့ဖြင့် ဈေးတန်းတစ်ခု တည်ဆောက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ အဆောက်အအုံကို ဒီဇင်ဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး လက်ရှိတွင် ပုံကြမ်းများ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အကောင်အထည် ဖော်ပြီးပါက ဈေးအတွင်း လူနေထိုင်ခွင့်ပြုမည် မဟုတ်ဘဲ အရောင်းအဝယ်ပြုလုပ်ရာ ဈေးတစ်ခုအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်းလည်း မြို့တော်စည်ပင်ထံမှ ထပ်မံ သိရသည်။

ကျောက်ဝိုင်းအတွင်းရှိ အခင်းဝိုင်းကို အဆင့်မြှင့်ပေးမည့် အစီအစဉ်ကို ကျောက်မျက်လုပ်ငန်းရှင်များက ကြိုဆိုလက်ခံခဲ့ကြသည်။ 

“ခုလို ပြုပြင်ပေးမယ်ဆိုတာ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားအရ ဒီဝိုင်းက ပြည့်သိပ်နေတယ်လို့ ပြောရမယ်။ ဆိုင်ခန်းတွေကလည်း ပြည့်နေတယ်။ အဲ့ဒီမှာ ဆိုင်ကယ် စတင်းတွေက လမ်းပေါ်ကို ရောက်သွားတယ်။ ဝင်လမ်း ထွက်လမ်းမှာ တော်တော် ခက်ခဲတယ်ပေါ့ဗျာ။ အရေးအကြောင်းဆို ဝင်ဖို့ ထွက်ဖို့ ခက်ခဲတယ်။ ဒီတော့ သူတို့ (စည်ပင်) ပြောတဲ့ အဆောက်အအုံအစား နှစ်ထပ် အာစီ အဆောက်အအုံ ဆောက်ပေးပြီးတော့ အပေါ်ထပ်မှာ ဆိုင်ခန်းတွေ လုပ်၊ အောက်ထပ်မှာ ဆိုင်ကယ်၊ ကား စတင်းလုပ်၊ အဲဒီလို လုပ်ပေးရင် ပိုကောင်းမယ်လို့ထင်တယ်။ အကုန်အကျကတော့ များသွားမှာပေါ့”ဟု ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ထွန်းက ပြောကြားသည်။

လက်ရှိ ကျောက်ဝိုင်းအတွင်း ညအိပ် ညနေ၊ နေထိုင်မှုများ ရှိနေရာ ဆိုင်ခန်းသစ်များ ဆောက်လုပ်ပြီးစီးပါက ရပ်ကွက်လုံခြုံရေးနှင့် ဈေးဆိုင်ခန်းများ လုံခြုံရေးအတွက် လူနေထိုင်ခွင့် ကန့်သတ်ပေးသင့်ကြောင်း၊ ဈေးအိမ်သာများကိုလည်း လုံလောက်စွာ ထည့်သွင်း တည်ဆောက်ပေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

မဟာအောင်မြေမြို့နယ် ၃၈ လမ်း နှင့် ၈၆ လမ်းရှိ ကျောက်စိမ်းဝိုင်း၏ အရှေ့ဘက်တွင်ရှိသည့် အခင်းဝိုင်းမှ လုပ်ငန်းရှင်များသည် အခင်းငယ်များ၊ စင်ငယ်များအပြင် မြေပြင်တွင်ခင်း၍ ရောင်းချနေကြခြင်းဖြစ်သည်။ 

M-04