News

POST TYPE

NEWS

သီပေါမင်း ပါတော်မူခြင်း ၁၃၂ နှစ်မြောက် အောက်မေ့သတိရ အခမ်းအနား ကျင်းပ
12-Nov-2017 tagged as မန္တလေး


မန္တလေး၊ နိုဝင်ဘာ ၁၁

မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူခြင်း ၁၃၂ နှစ်မြောက် အောက်မေ့ သတိရအခမ်းအနားကို မန္တလေးမြို့ ဝါခင်းကုန်းဘုရား ရင်ပြင်တော်ပေါ်ရှိ ဝင်းရတနာ ဓမ္မဗိမာန်တော်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ မာဒရပ်သို့ ပါတော်မူခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ရတနာဂီရိသို့ ရောက်ရှိခဲ့ကြောင်း၊ ရတနာဂီရိမြို့၌ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နတ်ရွာစံခဲ့ကြောင်း ဒေါက်တာသန်းထွန်း ရေးသည့် မန္တလေးဖြစ်စဉ် စာအုပ်တွင် ဖော်ပြထားသည်။

“ပါတော်မူနေ့ကို အောက်မေ့တယ်။ ဘာကြောင့်လဲဆိုတော့ ပါတော်မူသွားတဲ့အတွက် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုများသလို ပြည်သူတွေအတွက်လည်း ဆုံးရှုံးမှု များတယ်။ ကျွန်တော်တို့အနေနဲ့က အပြီးအပိုင် ဆုံးရှုံးသွားတယ်ပေါ့။ ဒါကို အတုယူစေချင်တယ်။ စည်းလုံးမှု ပျက်သွားလို့သာ ပါတော်မူသွားတယ်ပေါ့။ မြန်မာ တစ်နိုင်ငံလုံး စည်းလုံးစေလိုတယ်။ သင်ခန်းစာ ယူစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အလှူပေးခဲ့တယ်”ဟု သီပေါမင်း၏တီ တော်စပ်သူ ဒေါ်မြဒါလီအောင်က ပြောကြားသည်။

သီပေါမင်း ပါတော်မူနေ့ အခမ်းအနားများကို မိသားစု အစီအစဉ်ဖြင့် နှစ်စဉ် အကျဉ်းရုံး ပြုလုပ်ခဲ့ရာမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ၁၃၁ နှစ်မြောက် ပါတော်မူနေ့နှင့် သီပေါမင်း နတ်ပြည်စံသက် နှစ် ၁၀ဝ ပြည့် အလှူတော်များကို မြနန်းစံကျော် ရွှေနန်းတော်ကြီး အတွင်း၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့ကြောင်း သီပေါမင်း၏ အနွယ်တော်များထံမှ သိရသည်။ 

M-05