News

POST TYPE

NEWS

လာမည့်နှစ် မိုးရာသီမတိုင်မီ ဖရဲ၊ သခွားကို အစိုးရအသိအမှတ်ပြု GAP လက်မှတ် ထုတ်ပေးမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

လာမည့်နှစ် မိုးရာသီမတိုင်မီ ဖရဲ၊ သခွား စိုက်ပျိုးသူများကို အစိုးရအသိ အမှတ်ပြု GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများ) လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

အစိုးရ၏ GAP လက်မှတ်ထုတ်ပေးမှု အစီအစဉ် မစတင်မီကတည်းက ဖရဲစိုက်တောင်သူ ၄၀ဝ၀ ကျော်ကို GAP နှင့် သက်ဆိုင်သည့်သင်တန်းများ ပေးထားကြောင်း၊ အစိုးရဘက်ကလည်း မြေနှင့်ရေများကို စစ်ဆေးရန်အတွက် တိုင်းနှင့် ပြည်နယ်များ အားလုံးတွင် ဓာတ်ခွဲခန်းများ တည်ဆောက်ထားပြီးဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

“ဒီလက်မှတ်ကို နိုင်ငံတကာက လက်ခံမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ GAP နဲ့ ပတ်သက်တဲ့စံနှုန်းတွေကို အစိုးရတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်အုပ်စုဝင် IFC ရဲ့ ပညာရှင်တွေလည်း ပါ ပါတယ်။ GAP ဟာ ပြည်တွင်းဈေးကွက် မှာ မသိသာပေမယ့် ပြည်ပ ပို့တဲ့အခါ လက်မှတ်ပါရင် အမှာစာတွေ ပိုတက်လာတယ်။ ဈေးလည်း ပိုပြီး ကောင်းကောင်းရမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် တောင်သူများကို လျှောက်လွှာများ ထုတ်ပေးနေပြီး ဖရဲ၊ သခွားရာသီအမီ လက်မှတ် ရရှိနိုင်ရေးကို ကြိုးစားနေကြကြောင်း၊ GAP လက်မှတ်ကို ပြီးခဲ့သည့် နှစ်ကတည်းက စတင် ထုတ်ပေးနေခြင်းဖြစ်ပြီး သရက်စိုက် တောင်သူများနှင့် ခရမ်းချဉ်သီးစိုက် တောင်သူများက စတင်ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောကြားသည်။

“သရက်သီးဆို သိသာတယ်။ လက်မှတ်ရရှိပြီးနောက်ပိုင်းမှာ မြန်မာ့သရက်က ဈေးကောင်း ပိုရတယ်။ မြန်မာနိုင်ငံက GAP လက်မှတ်ရဖို့ နောက်ကျနေတာ။ အိမ်နီးချင်း နိုင်ငံအားလုံးလိုလို ဒီလို လက်မှတ်တွေ ရှိကြတယ်။ အဓိက ကတော့ ဓာတ်မြေဩဇာကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမသုံးတာ။ တခြားဟာတွေလည်း ပါတာပေါ့”ဟု ၎င်းက ဆိုသည်။

ဖရဲ၊ သခွားအပြင် အခြားသောသီးနှံ ၁၃ မျိုးကိုလည်း လာမည့်နှစ်အတွင်း GAP လက်မှတ် ထုတ်ပေးသွားရန် အစီအစဉ်များရှိပြီး လက်မှတ်သက်တမ်းမှာ သီးနှံတစ်မျိုးချင်းစီအလိုက် ကွဲပြားသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရှိ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူများ အနေနှင့် GAP လက်မှတ်ရရှိရေးကို ၂၀ဝ၆ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ပြီး ယခုအစိုးရလက်ထက်မှ ရရှိခဲ့ခြင်းဖြစ်ကာ အသီးအနှံ အရည်အသွေးကောင်း ရရှိစေရန်အတွက် အစိုးရဘက်က သိုလှောင်ရုံများ ဆောက်လုပ်ပေးရန် လိုအပ်နေသေးကြောင်း ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

J-13