News

POST TYPE

NEWS

ရွှေတောင်တွင် မြေနုကျွန်း ခွဲဝေချထားပေးခြင်းမရှိ၍ အခက်ကြုံ
12-Nov-2017


ပြည်၊ နိုဝင်ဘာ ၁၁

ရွှေတောင်မြို့နယ်အတွင်း စစ်ကိုင်းကျွန်း (မြေနုကျွန်း) ပေါ်ပေါက်နေသော်လည်း လက်ရှိအချိန်အထိ ခွဲဝေချထားပေးခြင်း မရှိသည့်အတွက် စိုက်ပျိုးရေးနှင့် နေထိုင်ရေးအတွက် အခက်ကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

အဆိုပါ ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းမှာ ၂၀ဝ၀ ပြည့်နှစ်တွင် ရေမြုပ်ခဲ့ပြီး ကျေးရွာနှစ်ရွာမှာ ရွှေတောင်မြို့ပေါ်သို့ မြေနေရာဝယ်ယူ ပြောင်းရွှေ့ခဲ့ရကာ၊ ၂၀ဝ၇ ခုနှစ်ခန့်တွင် ကျွန်းပြန်ပေါ်လာပြီး ဒေသခံများက ကိုင်းရိုးထိုးမွေးခဲ့ရပြီး ရွှေ့ပြောင်းစဉ်က မြေမဝယ်နိုင်သည့် မူလ နေထိုင်ခဲ့သူများနှင့် ဒေသခံများ ပြန်လည် နေထိုင်လုပ်ကိုင်လိုသော်လည်း လက်ရှိအချိန်အထိ ခွဲဝေချထားပေးခြင်း မရှိသေးကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

“ပြန်လည် ခွဲဝေချထားပေးဖို့ တိုင်းအထိ အဆင့်ဆင့်ကိုလည်း စာတင်တယ်။ အခုထိ ဘာမှဖြစ်မလာသေးဘူး။ တစ်ခြား ရွာတွေကလည်း၂၀၁၂ မြေယာဥပဒေအရ အနီးဆုံး ရွာယူရမယ်ဆိုပြီး ဝိုင်းကန့်ကွက်နေကြတယ်။ ကျွန်တော်တို့အနေနဲ့က ခွဲဝေပေးဖို့ မူလနေထိုင်သူတွေ လုပ်စားဖို့မြေနေရာ နေထိုင်ဖို့ အမြန်ဆုံး လုပ်ပေးဖို့ တောင်းဆိုချင်တယ်”ဟု စစ်ကိုင်းကျွန်း၊ မင်းတဲရွာမှ ဒေသခံ ဦးသိန်းထွန်းက ပြောဆိုသည်။

ပြောင်းရွှေ့ခဲ့ရစဉ်မှ စတင်ကာ လုပ်ကိုင်စရာ မြေမရှိတော့သည့်အတွက် စားဝတ်နေရေး၊ အလုပ်အကိုင် အခက်အခဲများ၊ ကလေးများ ပညာရေး ကျောင်းမထားနိုင်တော့ခြင်းစသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မြေနုကျွန်း ဥပဒေရှိပါတယ်။ အခုက ကျေးရွာ လယ်/စီအဆင့်မှာပဲ ရှိသေးတယ်။ ညှိနှိုင်းတုန်းပါ။ ကျွန်တော်တို့ဆီ တိုင်စာတွေ ရောက်လာလို့ မြို့နယ် လယ်/စီကို သေချာပြန်စစ်ဖို့ ခိုင်းထားတယ်”ဟု ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်ဖြိုးဝေက ရှင်းပြသည်။

အဆိုပါ မြေနုကျွန်းတွင် ယခင်က မင်းတဲ၊ ရွာသစ် စသည့် ကျေးရွာများမှ အိမ်ခြေ ၂၀ဝ ကျော်၊ အိမ်ထောင်စု ၂၆၄ စုနေထိုင်ခဲ့ပြီး လုပ်စားမြေ (ယာ) ဧက ၉၀ဝ ကျော်ရှိခဲ့ပြီး ရေနစ်မြုပ်ခဲ့ကာ အသစ်ပေါ်သည့်ကျွန်းမှာ ဧက ၃၀ဝ ကျော် ကျယ်ဝန်းကာ အမြန်ခွဲဝေ ချထားပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။ 

M-06

  • VIA