News

POST TYPE

NEWS

လူသတ်မှု ကျူးလွန်သူကို သွားရောက် ဖမ်းဆီးသည့်ရဲ ဓားထိုးခံရ
ရန်ကုန်၊ နိုဝင်ဘာ ၁၁ 

လူသတ်မှု ကျူးလွန်သည်ဟုဆိုသော လင်မယား နှစ်ဦးကို သွားရောက်ဖမ်းဆီးသည့် နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ရန်ကုန်-ပုသိမ် လမ်းမဘေးရှိ ကျူးကျော် တဲနေအိမ်တစ်လုံးတွင် နိုဝင်ဘာလ ၈ ရက် ညပိုင်းက အသက် ၃၆ နှစ် အမျိုးသားတစ်ဦးကို လင်မယား နှစ်ဦးက ဝါးတုတ်ဖြင့် ဝိုင်းဝန်း ရိုက်နှက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် ယင်းလူသတ်မှု ကျူးလွန်သည့် လင်မယားနှစ်ဦးကို ဖမ်းဆီးနိုင်ရန် နိုဝင်ဘာလ ၉ ရက် ည ၉ နာရီခွဲခန့်က လှိုင်သာယာ မြို့မရဲစခန်းက နယ်ထိန်းရဲတပ်ကြပ် နေလှိုင်းကိုကိုနှင့်အဖွဲ့က သွားရောက်စဉ် ယင်းမြို့နယ် ရေဥက္ကံ နဝဒေးလမ်းပေါ်အရောက် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားနှင့် ဝင်ထိုးခြင်းဖြစ်သည်။

“လူသတ်မှုနဲ့ ပြောင်းဖွင့်ထားတဲ့ လင်မယားနှစ်ဦးကို သွားဖမ်းတာ၊ နဝဒေးလမ်းပေါ်မှာ အဘွားအိုတစ်ဦးက ပြေးလာပြီး သူ့သားက အရက်မူး ဆဲဆိုနေလို့ တားပေးပါပြောတာနဲ့ ဆိုင်ကယ်ရပ်ပြီး ဝင်ထိန်းဖို့လုပ်တာ၊ အဲဒီအချိန်မှာ အဘွားကြီးရဲ့ နောက်ကနေ လိုက်လာတဲ့ သူ့သားက ဓားနဲ့ ဝင်ထိုးတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားနှင့် ဝင်ထိုးမှုကြောင့် နယ်ထိန်းရဲတပ်ကြပ် နေလှိုင်းကိုကိုတွင် ညာဘက် ညှပ်ရိုးအောက် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့ရပြီး ပြစ်မှု ကျူးလွန်သူ အသက် ၁၉ နှစ်အရွယ် သက်ဦးထွန်း (ခ) သိကြားမင်းကို လှိုင်သာယာ မြို့မရဲစခန်းက(ပ) ၄၃၁၅/ ၁၇၊ (တာဝန် ဝတ္တရား ထမ်းဆောင်သူကို အပြင်းအထန် နာကျင်စေမှု) ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားသည်။

လူသတ်မှု ကျူးလွန်သူ လင်မယားနှစ်ဦးမှာ အသက် ၄၄ နှစ်အရွယ် ဦးမြင့်ဝေနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်နန်းမွန်တို့ဖြစ်ပြီး တစ်လမ်းတည်းတွင် နေထိုင်သူ အစ်မဖြစ်သူ၏ ခင်ပွန်း အသက် ၃၆ နှစ်အရွယ် ကိုဇော်မင်းထွေးကို နိုဝင်ဘာလ ၈ ရက် ညပိုင်းက ၎င်းတို့နေအိမ်တွင် လင်းမယားနှစ်ဦး ပေါင်းပြီး ရေထမ်းသည့် ဝါးထမ်းပိုးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ရိုက်နှက်ခံရမှုကြောင့် အသက် ၃၆ နှစ် အရွယ် ကိုဇော်မင်းထွေးမှာ ဦးခေါင်း ပေါက်ပြဲဖူးရောင်ဒဏ်ရာ၊ ညာလက်ဖျံဖူးရောင်၊ ညာပါးဖူးရောင် ဒဏ်ရာများ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေစဉ် နိုဝင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် သေဆုံးသွားသဖြင့် ပြစ်မှုကျူးလွန်သူ နှစ်ဦးကို လှိုင်သာယာ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၁၁၄ အစား ၃၀၂/ ၁၁၄ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည်။

J-16