News

POST TYPE

NEWS

ခွင့်ပြုချက်မဲ့ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကို စသုံးလုံး အရေးယူ
11-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ 

တာမွေမြို့နယ်၊ ၁၆၄ လမ်းရှိ Royal jj ကုမ္ပဏီသည် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင်နေသောကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့က အထူး စုံစမ်းစစ်ဆေးရေး (စသုံးလုံး)မှ ဦးစီးအရာရှိက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မြေညီထပ်တိုက်ခန်းတစ်ခန်းတွင် ဖွင့်လှစ်ထားသည့် Royal jj ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ အသက် ၄၉ နှစ် ဒေါ်တွမ်ပီကြိုင်မှာ ၂၀၁၆ ခုနှစ် ဇွန်လမှစတင်ပြီး ၎င်းကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ တစ်ထောင်နှင့် ညီမျှသည့် မြန်မာကျပ်ငွေ ရှယ်ယာ ထည့်ဝင်သူများကို အတိုး နှစ်ဆယ်ရာခိုင်နှုန်းနှင့် ကော်မရှင် ငါးရာခိုင်နှုန်း ပြန်လည် ထုတ်ပေးခဲ့သည်။

ယင်းကုမ္ပဏီတွင် ၂၀၁၇ ခုနှစ် ဧပြီလအထိ ရှယ်ယာ ထည့်ဝင်သူ ၄၈၁၇ ဦးရှိခဲ့ပြီး ရှယ်ယာထည့်ငွေ ကျပ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ရာမှ ရှယ်ယာဝင်သူအချို့က ၎င်းတို့၏ နစ်နာမှုကို တိုင်ကြားလာသဖြင့် စသုံးလုံးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ယင်းကုမ္ပဏီမှာ နိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင် ရယူထားခြင်းမရှိဘဲ လုပ်ကိုင်နေကြောင်း ပေါ်ပေါက်ခဲ့သည်။ 

“ရှယ်ယာရောင်းချခွင့် မရှိဘဲ လုပ်ကိုင်နေတာ။ ပထမတော့ ရှယ်ယာဝင်တဲ့သူတွေက အတိုးမှန်မှန်ရတယ်။ နောက်တော့ မရတဲ့သူအချို့က တိုင်ကြားမှုတွေ ရှိလာတယ်။ ဒီလို ဖြစ်စဉ်တွေက အများကြီးပဲ။ လူတွေက အယုံ လွယ်တာလေ။ ဥပဒေဘောင်အတွင်းကလား အပြင်ကလားဆိုတာ လေ့လာသင့်တယ်”ဟု အထူး စုံစမ်းစစ်ဆေးရေး (စသုံးလုံး)မှ အရာရှိတစ်ဦးက ရှင်းပြသည်။ 

ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင် မရှိဘဲ ယင်းသို့ လုပ်ဆောင်မှုမှာ ငွေရေး၊ ကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၉ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဦးစီးအရာရှိ အောင်စိုးမင်းက တာမွေမြို့မ ရဲစခန်းတွင် တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သောကြောင့် မန်နေဂျင်း ဒါရိုက်တာ ဒေါ်တွမ်ပီကြိုင်ကို ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၁ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

နိုင်ငံတော်အစိုးရမှ ရှယ်ယာ ရောင်းချခွင့် မရှိဘဲ တရားမဝင် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ မပြုလုပ်ရန် ယခုနှစ်တွင် အကြိမ်ကြိမ် သတိပေး နှိုးဆော်ထားသော်လည်း အချို့မှာ အဆိုပါ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ရှယ်ယာ ထည့်ဝင်လျက်ရှိပြီး အလိမ်ခံရမှ ပြည်ထဲရေးဌာနသို့ တိုင်ကြားလာသည့် ဖြစ်စဉ်များ အများအပြား ရှိနေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

S-03