News

POST TYPE

NEWS

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင် ခေါင်းလောင်းစာ အများပြည်သူ ကြည့်ရှုနိုင်ရန် စီစဉ်
11-Nov-2017 tagged as မန္တလေး


မန္တလေး၊ နိုဝင်ဘာ ၁၁

ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင် လှူဒါန်းထားပြီး ဘာသာစကား သုံးမျိုးဖြင့် ရေးထိုးထားသည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင် ခေါင်းလောင်းစာ အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးရင်ပြင် အုတ်တိုက်အတွင်း တည်ရှိသော ဘုရင့်နောင်ခေါင်းလောင်း ပျက်စီးမည်ကို စိုးရိမ်သဖြင့် လက်ရှိတွင် အုတ်တိုက်ကို အလုံပိတ်ထားပြီး ဂေါပကအဖွဲ့က ထိန်းသိမ်းထားကြောင်း၊ အများပြည်သူ ကြည့်ရှုရ လွယ်ကူစေရန်နှင့် အန္တရာယ်မရှိစေရန် ဂေါပကအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ကြည့်မယ်ဆိုရင်တော့ ဂေါပကက ဖွင့်ပေးပါတယ်။ အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင်၊ အဲဒီလိုကြည့်တဲ့အခါမှာ ထိခိုက်မှုမရှိအောင် သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေနဲ့ တိုင်ပင်နေတယ်။ ဘယ်တော့ လုပ်ဖြစ်မယ်ဆိုတာတော့ အခု မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောဆိုသည်။

ဘုရင့်နောင်ခေါင်းလောင်းစာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၆ ခုနှစ် မေလခန့်ကတည်းက ယူနက်စကိုရှိ မှတ်တမ်း အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့ရပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် ဘုရင့်နောင် ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် ကြေညာခဲ့ ခြင်း ဖြစ်သည်။

ဘုရင့်နောင် မင်းတရားကြီး၏ ဆောင်ရွက်ချက်များကို အဆိုပါခေါင်းလောင်းတွင် ပါဋိ၊ မွန်၊ မြန်မာ သုံးဘာသာဖြင့် ရေးထိုးထားပြီး ခိုင်လုံသော ခေတ်ပြိုင် မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးရာတွင် တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်၊ မှန်နန်းရာဇဝင်တော်ကြီးများမှ အယွင်းအမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွက်နိုင်ခြင်း စသော ဝိသေသ လက္ခဏာများနှင့် ပြည့်စုံသော မော်ကွန်းစာဖြစ်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါခေါင်းလောင်းကို ဘုရင့်နောင်မင်းတရားကြီးက သက္ကရာဇ် ၉၁၉ ခုနှစ် နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် ကြေးခွက်၂၁၀ဝ ဖြင့်သွန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

M-05