News

POST TYPE

NEWS

ကျုံးဘေးမှ ဆိုင်ကယ် ၁၈ စီး ခိုးယူခဲ့သူကို ဖမ်းမိ
11-Nov-2017 tagged as မန္တလေး

မန္တလေး၊ နိုဝင်ဘာ ၁၁

မန္တလေးမြို့တော် ကျုံးဘေးဝန်းကျင်၌ ညပိုင်းအချိန်များတွင် အပန်းဖြေ အနားယူနေသူများထံမှ ဆိုင်ကယ် ၁၈ စီးခိုးယူခဲ့သူကို ဖမ်းဆီးရမိထားကြောင်း အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါဆိုင်ကယ်များကို လူတစ်ဦးတည်းက ခိုးယူခဲ့ခြင်းဖြစ်ကာ ခြောက်လခန့်အတွင်း ဆိုင်ကယ်မျိုးစုံ ၁၈ စီးခိုးယူခဲ့ကြောင်း၊ ခိုးယူခဲ့သော ဆိုင်ကယ်များကို မိတ္ထီလာနှင့် မြင့်ခြံမြို့တို့တွင် ရောင်းချခဲ့သည်ဟု ထွက်ဆိုခဲ့သည့်အတွက် ယင်းဆိုင်ကယ်များကို ပြန်လည် သိမ်းဆည်းထားပြီဖြစ်ကြောင်း၊ ကျူးလွန်ခဲ့သူကို ဆိုင်ကယ် တစ်စီးချင်းအတွက် အမှုတစ်ခုနှုန်းဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကံအောင်မြင့်က ပြောကြားသည်။

“မိတာတော့ ကြာပါပြီ။ လူတစ်ယောက်က သော့တစ်ချောင်းနဲ့ ဆိုင်ကယ်တွေကို လိုက်ဖွင့်နေတာတွေ့လို့ ခေါ်စစ်လိုက်တော့ သူခိုးထားတဲ့ ဆိုင်ကယ်တွေ ပေါ်လာတာ။ အဲဒါတွေ လိုက်သိမ်းပြီးတော့မှ ဆိုင်ကယ်ပျောက်သူတွေ လာရောက်ကြည့်ရှု အတည်ပြုပေးဖို့ ကြေညာလိုက်တာ ဆယ်စီးလောက်တော့ ပိုင်ရှင် တွေ့ပြီ”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ်ရှိ ဦးမင်းမင်း ဆိုသူသည် အမရပူရမြို့နယ်တွင် အိမ်ငှားနေထိုင်ကာ သော့တုတစ်ချောင်းဖြင့် ဆိုင်ကယ်များကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် အောင်မြေသာစံမြို့နယ် ၂၆ (ဘီ) လမ်း၊ ၇၄လမ်းနှင့် ၇၁ လမ်းကြားရှိ ကျုံးအတွင်းမှ ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်သူများ၏ ဆိုင်ကယ်များကို ပစ်မှတ်ထား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စကူပီ အမျိုးအစား ဆိုင်ကယ်များနှင့် ကလစ်ဘီး အမျိုးအစား ဆိုင်ကယ်များကို အဓိကထား ခိုးယူခဲ့ကာ မြင်းခြံမြို့တွင် ၁၁ စီး၊ မိတ္ထီလာမြို့တွင် ၆ စီးနှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် တစ်စီး ရောင်းချထားခြင်းဖြစ်ကြောင်း၊ ခိုးမှုကျူးလွန်ထားခြင်းများ ကျန်ရှိနေနိုင်သေးသည့်အတွက် ထပ်မံ စစ်ဆေးနေကြောင်း ရဲအုပ်ကံအောင်မြင့်က ထပ်လောင်း ပြောကြားသည်။

ခိုးရာပါ ပစ္စည်းများကို တစ်ဆင့် ပြန်လည် ရောင်းချပေးနေသော မြင်းခြံမြို့မှ ဦးမျိုးနိုင်ကိုလည်း ခိုးရာပါပစ္စည်း လက်ခံထားရှိမှုဖြင့် အမှုဖွင့်ထားကြောင်း အမှတ် ၂ ရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားသည့် ဦးမင်းမင်းကို အမှတ် ၂ နယ်မြေရဲစခန်းက (ပ)၂၇၈/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ နှင့် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တို့အရ အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

M-04