News

POST TYPE

NEWS

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျပ်သိန်း ၂၀ဝ၀ ခန့်ကုန်ကျ
07-Nov-2017


ကျိုင်းတုံ၊ နိုဝင်ဘာ ၇

ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာ သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ၁၀ ရက် ကြာကျင်းပခဲ့ရာ ဆုချီးမြှင့်ငွေများ အပါအဝင် ပွဲတော် ကျင်းပရေးစရိတ် ကျပ်သိန်း ၂၀ဝ၀ ခန့်ကုန်ကျကြောင်း အဆိုပါပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

“ပွဲတော်လေလံငွေက ၁၈၀၂ သိန်း ရပေမယ့် အရင်နှစ်တွေထက် ပြိုင်ပွဲဝင် အမျိုးအစား အားလုံးကို ဆုကြေးငွေတွေ တိုးမြှင့်ပေးတဲ့အတွက် လေလံငွေနဲ့ မလောက်လို့ အစိုးရအဖွဲ့အနေနဲ့ သိန်း ၁၀ဝ စိုက်ထုတ် သုံးစွဲထားရတယ်။ စာရင်းရှင်းတမ်းတွေ မရသေးတဲ့အတွက် စိုက်ထုတ်ငွေ သိန်း ၁၀ဝ ထက် ပိုကုန် မကုန်တော့ မသိရသေးဘူး”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

အဆိုပါ မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ တစ်နှစ်ထက်တစ်နှစ် တီထွင်ဆန်းသစ်လာမှုတို့ကြောင့် ယခင်နှစ်က ညမီးကျည်း ပထမဆုကို ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၆၅ သိန်း ချီးမြှင့်ခဲ့ပြီး စိန်နားပန် ပထမဆုကို ကျပ် ၂၅ သိန်းမှ ယခုနှစ်တွင် ကျပ်၂၇ သိန်း ချီးမြှင့်ပေးခဲ့သည့်အပြင် အခြားပြိုင်ပွဲဝင် အမျိုးအစား အားလုံးကိုလည်း ယခင်နှစ်ထက် ဆုကြေးများ တိုးမြှင့်ပေးအပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ယခင်နှစ်က ညမီးကြီး ၈၀ လုံး၊ စိန်နားပန် ၃၆ လုံးနှင့် နေ့လွှတ်အရုပ် ၂၈၇ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ညမီးကျည်း ၈၈ လုံး၊ စိန်နားပန် ၃၉ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၄ လုံး၊ ခြေလေးချောင်း ၇၂ လုံးနှင့် အရုပ်အုပ်စု ၅၀ လုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မီးပုံးပျံအချို့ ပျက်ကျမှုနှင့် ယမ်းစပ်ရာမှ မီးလောင်မှုတို့ကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး မီးလောင်ဒဏ်ရာများ ရခဲ့သည်။

အဆိုပါတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နှစ်စဉ် ကျပ်သိန်းထောင်ချီ အကုန်အကျခံကာ ကျင်းပနေရာတွင် လူအချို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိနေခြင်းကြောင့် ထပ်မံကျင်းပခြင်း မပြုလုပ်သင့်တော့ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ယင်းသို့ ဝေဖန်မှုများရှိသော်လည်း နှစ်ပေါင်းများစွာကျင်းပလာခဲ့သည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့ပွဲတော် တစ်ခုဖြစ်သည့်အတွက် မတော်တဆမှုများ မဖြစ်ပေါ်စေရန် စနစ်တကျ ပြင်ဆင်သင့်ပြီး ပွဲတော် ကျင်းပမှုကို ရပ်နားခြင်း မပြုသင့်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။

R-16

  • VIA