News

POST TYPE

NEWS

စက်သုံးဆီ သုံးမျိုးကို အစိုးရ တင်ဒါစနစ်ဖြင့် ရောင်းမည်
ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းပိုင် မန်းသံပရာကန်မှ ထွက်ရှိသည့် ဒီဇယ်၊ ဓာတ်ဆီနှင့် စီဂျီအို သုံးမျိုးကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

တစ်မျိုးလျှင် ဂါလံတစ်သန်းစီ ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်တွင် တင်ဒါစနစ်ဖြင့် ရောင်းချရန် နိုဝင်ဘာလ ၂၁ ရက်တွင် တင်ဒါလျှောက်လွှာများကို စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန တာဝန်ရှိသူက ပြောကြားသည်။ 
 
အစိုးရအနေနှင့် ၂၀ဝ၇ ခုနှစ်တွင် စက်သုံးဆီကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး နောက်ပိုင်း မန်းသံပရာကန်မှ စက်သုံးဆီများကို ပြည့်လျှင်ပြည့်သလို ထုတ်ရောင်းလေ့ရှိပြီး ယခုနှစ်တွင်လည်း ယင်းကဲ့သို့ တင်ဒါ ခေါ်ရောင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“စီဂျီအိုဆိုရင် မောင်းဆီတစ်မျိုးပဲ။ ဒီဇယ်ထက်တော့နိမ့်တယ်။ စက်လှေတွေမှာ သုံးကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဌာနထွက် စက်သုံးဆီများကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ မေလက စတင်ရောင်းချခဲ့ပြီး ယခုအခါ တတိယအကြိမ်မြောက်ဖြစ်ကာ တစ်ကြိမ်လျှင် လုပ်ငန်းရှင်များ ဝယ်ယူနိုင်ရန် ဆီတစ်မျိုးလျင် ဂါလန် တစ်သန်းသာ ရောင်းချခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မေလကစပြီး ဌာနဆိုင်ရာတွေကို မဖြန့်တော့ဘူး။ ဌာနဆိုင်ရာတွေက လိုချင်ရင် စက်ရုံကို ငွေသွင်းပြီး တိုက်ရိုက်ဝယ်ဖို့ ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်း ဌာနဆိုင်ရာတွေက သုံးစွဲမှုနည်းတော့ စက်ရုံတွေ ရပ်မထားချင်တာရယ်၊ ကုန်တွေက ပိုနေတာရယ်ကြောင့် တင်ဒါခေါ်ရောင်းတာပါ”ဟု ၎င်းကဆိုသည်။

တင်ဒါလျှောက်လွှာများကို မြန်မာ့ ရေနံဓာတုဗေဒ လုပ်ငန်းရုံးချုပ် (နေပြည်တော်၊ ရန်ကုန်) ဘဏ္ဍာရေးဌာနတွင် ဝယ်ယူရမည်ဖြစ်သည်။

J-06