News

POST TYPE

NEWS

မီးလောင် သေဆုံးခဲ့သော မီးဆရာအဖွဲ့၏ မီးပုံးပျံ ပဉ္စမဆုရ
05-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာလ ၄ ရက်နေ့က ဆုချီးမြှင့်ခဲ့သည့် ပြိုင်ပွဲဝင် မီးပုံးများတွင် မီးလောင် သေဆုံးခဲ့သော မီးဆရာအဖွဲ့၏ လူပဲ့မီး ညမီးကျည်း မီးပုံးပျံမှာ ပဉ္စမဆု ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

လူပဲ့မီးအမည်ရှိ ညမီးကျည်း မီးပုံးပျံကို ကိုမျိုးမင်းကျော်က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအဖွဲ့မှ မီးဆရာဖြစ်သူ (အသက် ၄၅ နှစ်) ဦးစိုးနိုင်လေး (ခ) အောင်ငဲမှာ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းက ချမ်းမြသာစည်ရပ်ကွက်၊ အနော်ရထာ လမ်းရှိ ၎င်း၏နေအိမ်တွင် မီးပုံးပျံအတွက် ယမ်းစပ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူခဲ့သော်လည်း ခြောက်ရက်မြောက် နေ့တွင် စဝ်စံထွန်းဆေးရုံ၌ သေဆုံးခဲ့ သည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ဆယ်ရက်ကြာ ကျင်းပခဲ့သည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် မီးပုံးပျံ ၃၉၃ လုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ပြိုင်ပွဲဝင် မီးပုံး ပျံများကို နိုဝင်ဘာလ ၄ ရက် ညနေပိုင်း က အဝေရာမီးပုံးပျံကွင်းတွင် ဆုချီးမြှင့် ခဲ့ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။

ပြိုင်ပွဲဝင် ညမီးကျည်း၊ စိန်နားပန်နှင့် နေ့လွှတ်အရုပ်၊ အုပ်စုလွှတ်အရုပ်တို့ကို ကဏ္ဍစီအလိုက် ပထမဆုမှ ဒသမဆုအထိ ဆုအသီးသီး ချီးမြှင့်ခဲ့ရာတွင် ညမီးကျည်းမှ သွေးသစ်မီးအမည် မီးပုံးပျံက ပထမဆုရရှိခဲ့ပြီး စိန်နားပန်တွင် မြောက်ပိုင်းမီးမှ ပထမဆု ရရှိခဲ့သည်။ 

ပြိုင်ပွဲဝင်များ၏ တစ်နှစ်ထက်တစ်နှစ် တီထွင်ဆန်းသစ်လာမှုတို့ကြောင့် ယခင်နှစ်က ညမီးကျည်း ပထမဆုကို ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကျပ်ငါးသိန်း ထပ်မံ တိုးချီးမြှင့်ပေးခဲ့ပြီး စိန်နားပန် ပထမဆု ကျပ် ၂၅ သိန်းကို ကျပ်နှစ်သိန်း ထပ်မံတိုး၍ ၂၇ သိန်း ချီးမြှင့်ပေးခဲ့သည်။ 

ယင်းအပြင် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းနှင့် အုပ်စုလွှတ် အရုပ်များတွင်လည်း ယခင်ဆုကြေးငွေထက် ကျပ်နှစ်သောင်းစီတိုး၍ ဆုချီးမြှင့်ပေးခဲ့ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။ 

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကျည်း ၈၈ လုံး၊ စိန်နားပန် ၃၉ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၄ လုံး၊ ခြေလေးချောင်း ၇၂ လုံးနှင့် အရုပ်အုပ်စု အလုံး ၅၀ တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မီးပုံးပျံအချို့ ပျက်ကျမှုနှင့် ယမ်းစပ်ရာမှ မီးလောင်မှုတို့ကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး မီးလောင်ဒဏ်ရာများ ရခဲ့သည်။

S-03

  • VIA