News

POST TYPE

NEWS

ဒေါ်စုလက်ကို ချည်တဲ့ကြိုး
04-Nov-2017 tagged as NLD


ဘာတေးလင့်တ်နာရေး၍ ဇေဝင်းနောင် ဘာသာပြန်သည်။

မြန်မာ့ခေါင်းဆောင်ကို ဘင်္ဂါလီ လူသားချင်း စာနာမှု အကျပ်အတည်းအတွက် အများက ပြစ်တင်ကြသော်လည်း အလွဲလုပ်မှုများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသည့် စစ်ဘက်အပေါ် သာ၍အပြစ်တင်ရမည်ဖြစ်ပေသည်။

မကြာသေးမီက မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ဖြစ်ရပ်များကြောင့် မြန်မာ့ပြည်တွင်းရေးသည် အများအာရုံစိုက်စရာ ဖြစ်လာခဲ့ပြီး ဒုက္ခသည် အကျပ်အတည်းနည်းတူ အားကောင်းသော စစ်ဘက်နှင့် တိုင်းပြည်၏ ရွေးကောက်ခံ ကိုယ်စားလှယ်များကြားမှ ဆက်ဆံရေးသည်လည်း မကြာမတင် ဖြေရှင်းနိုင်ရန် ဖြစ်နိုင်ခြေ နည်းပါးလျက်ရှိသည်။

အကျပ်အတည်း ကနဦးကာလတွင် ဘင်္ဂါလီများကို နှိမ်နင်းမှုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ နိုင်ငံတကာက ပြစ်တင်ခဲ့ကြသည်။

စက်တင်ဘာလ ၇ ရက်နေ့က နယူးယောက် တိုင်းမ်သတင်းစာတွင် (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) ဒါကာ အခြေစိုက် စာရေးဆရာ ယာကွတ်ဘ်ယုဒ ရေးသားခဲ့သော ဆောင်းပါး၌ ဒေါ်စုကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပြန်ရုပ်သိမ်းသင့်သည်ဟု တိုက်တွန်းခဲ့သလို “ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ဗိုလ်ချုပ်ကြီးများ”ဟု ရည်ညွှန်းသုံးနှုန်းခဲ့ပြီး 

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသော ရာထူးလုပ်ပိုင်ခွင့်ဖြင့် တိုင်းပြည်၏စစ်ဘက်ကို ကြီးကြပ်ကွပ်ကဲရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်”ဟု ဖော်ပြခဲ့သည်။

စက်တင်ဘာလ ၉  ရက်နေ့တွင်လည်း နယူးယောက် တိုင်းမ်သတင်းစာ၌ အတွေ့ကြုံရှိသော စာရေးဆရာ နီကိုလပ်စ် ခရစ္စတော့ဖ် ရေးသားခဲ့သော ဆောင်းပါးတွင်ပင် “ချစ်ခင်မြတ်နိုးရပါသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာများ မီးရှို့ခံရ၊ အမျိုးသမီးများ မုဒိမ်းကျင့်ခံရ၊ ကလေးများ သတ်ဖြတ်ခံရသော လူမျိုးသုဉ်း ရှင်းလင်းမှုကြီးကို ကြီးကြပ်ကွပ်ကဲလျက် ရှိပေသည်”ဟု ရေးသားခဲ့သည်။ နောက်တစ်ပတ်အကြာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒုက္ခသည် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဒေါ်စုတွင် “နောက်ဆုံးအခွင့်အရေး”သာ ရှိတော့ကြောင်း သတိပေးခဲ့ပြန်သည်။

စင်စစ်တွင်ကား ဥပဒေအရ ဒေါ်စုသည် အပြည့်အဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိနေသော၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သီးသန့် ထိန်းချုပ်မှုအောက်တွင်ရှိသည့် စစ်ဘက်အပေါ် မည်သည့် အာဏာမျှ ရှိမနေပေ။ ယခုနှစ် ဩဂုတ်လမတိုင်မီကတည်းက ဘင်္ဂါလီများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်  ပြစ်တင်ဝေဖန်နေကြချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာမူ ဧပြီလတွင် ဩစတြီးယားနှင့် ဂျာမနီ၊ ဇွန်လတွင် ရုရှား၊ ဇူလိုင်တွင် အိန္ဒိယ၊ ဩဂုတ်လတွင် ဂျပန်သို့ပင် သွားရောက်နိုင်ခဲ့သည်။

ခရီးစဉ်တိုင်းတွင် မြန်မာနိုင်ငံ မြောက်ဖျားမှ ကချင်၊ ပလောင်နှင့် ရှမ်း တိုင်းရင်းသား လူနည်းစုများနှင့် စစ်ပွဲများကို အသာထားဦး၊ ဘင်္ဂါလီကိစ္စပင် အရေးလုပ် အစဖော် ပြောခဲ့ကြပုံ မပေါ်ဘဲ  ဗိုလ်ချုပ်မှူးကြီးကို ကော်ဇောနီခင်း ကြိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘော သဘာဝမှန်နှင့် တိုင်းပြည်၏ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များ အမှန်တကယ် ပိုင်ဆိုင်သော လုပ်ပိုင်ခွင့် အာဏာအပေါ် ပြင်ပကမ္ဘာသည် အကြီးအကျယ် နားလည်မှု လွဲမှားနေသည်ဟု ဝေဖန်သူတို့က ထောက်ပြကြသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းနှင့်အတူ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတစ်ပိုင်း အစိုးရတက်လာချိန်တွင် အချို့က လစ်ဘရယ်ပိုဖြစ်သည့် နိုင်ငံရေးခေတ်သစ် အစပျိုးပြီဟု အချို့က ထင်မြင်ခဲ့ကြသည်။

တစ်ဆက်တစ်စပ်တည်းပင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများ ပြန်လည် လွတ်မြောက်လာမှု၊ မကြုံစဖူး မီဒီယာ လွတ်လပ်ခွင့် ပေးလာမှု၊ နိုင်ငံရေး လှုပ်ရှားမှုများ စုဖွဲ့ဆောင်ရွက်ခွင့် ရှိလာမှုတို့ကြောင့် ဥရောပသမဂ္ဂ၏ ပြည်ပရေးရာ ဆောင်ရွက်မှု လုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ ရောဘတ်ကူးပါကပင် “မြန်မာပြည်၏ ဘာလင်တံတိုင်း ပြိုကျသည့် အခိုက်အတန့်”ဟု တင်စားခဲ့ဖူးသည်။

ယခင်စစ်အစိုးရတွင် ဦးဆောင်ခဲ့သူ တစ်ဦးပင်ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို မြန်မာပြည်၏ မီခေးလ်ဂေါဘာချော့ဗ်ဟု တင်စားခဲ့ကြပြီး သူ၏ “ပြုပြင်ပြောင်းလဲရေးသမားများ” နှင့် စစ်အစိုးရဟောင်းမှ “သဘောထား တင်းမာသူများ”အကြား အာဏာအားပြိုင်မှုပင်ရှိသည်ဟု အချို့က ယူဆခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တကယ်တမ်း ကြုံတွေ့ခဲ့ရသည်မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အကြီးအကျယ် အသွင်ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ စစ်ဘက်က လုံခြုံရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာန အားလုံး အပါအဝင် အာဏာ၏ အရေးပါသော အစိတ်အပိုင်း အားလုံးကို ဆက်လက် ထိန်းချုပ်ထားပြီး ရွေးကောက်ခံအစိုးရမှာ ကျန်းမာရေး၊ ပညာရေး၊  စိုက်ပျိုးရေး မူဝါဒများနှင့် နိုင်ငံခြားရေး မူဝါဒအတိုင်း အတာတစ်ခုထိသာ တာဝန်ရှိသည့် မျိုးစပ်နိုင်ငံရေး စနစ်သစ်တစ်ခု ပေါ်ထွက်လာခြင်းသာ ဖြစ်ပေသည်။ 

၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများ မကျင်းပမီ စစ်ဘက် ဦးဆောင်မှုအောက်တွင် အခြေခံ ဥပဒေသစ်တစ်ရပ် ရေးဆွဲခဲ့ပြီး ၂၀ဝ၈ ခုနှစ် မေလတွင် မသမာသော လူထုဆန္ဒခံယူပွဲ တစ်ခုဖြင့် ပြဋ္ဌာန်းခဲ့သည်။ အခြေခံဥပဒေ၏ ပထမအခန်း၌ “ပြည်ထောင်စု၏ အခြေခံမူများ”အနက်မှ တစ်ချက် (ပုဒ်မခွဲ စ) တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” အစဉ်တစိုက် ဦးတည်သည်ဟု ဖော်ပြထားသည်။

အခြေခံဥပဒေတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင် (မြို့နယ်၊ ခရိုင်၊ တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို ဆိုလိုသည်) နှင့် နယ်စပ် လုံခြုံရေးနှင့် စပ်လျဉ်းသော ကိစ္စအားလုံး အပါအဝင် အာဏာ၏ အရေးပါသော အစိတ်အပိုင်း အားလုံးကို စစ်ဘက် ထိန်းချုပ်မှုအောက်တွင် ထည့်သွင်းထားသည်။ လွှတ်တော်တွင်လည်း စစ်ဘက်အတွက် ၂၅ ရာခိုင်နှုန်းသော အစုအဖွဲ့ ပေးထားပြီး အခြေခံဥပဒေ ပြင်ဆင်လိုလျှင် အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုသည်ဟု ဖော်ပြထားသည်။ (သို့ဖြစ်ရာ တပ်မတော် သဘောမတူဘဲ ပြင်ဆင်နိုင်မည် မဟုတ်ပေ)

စစ်ဘက်သည် အစိုးရ၏ အာဏာအရှိဆုံး ဝန်ကြီးဌာန သုံးခုဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကိုလည်း ဆက်လက် ထိန်းချုပ်ထားသည်။  ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) သည် တိုင်းနှင့် ပြည်နယ်အဆင့်မှ ခရိုင်၊ မြို့နယ်အဆင့်အထိ ဒေသအစိုးရ အားလုံးအတွက် တာဝန်ယူ အမှုထမ်းလျက်ရှိသည်။

၅၄ နှစ်အတွင်း ပထမဆုံး စစ်ဘက်မဟုတ်သည့် အစိုးရဖြစ်သော ဒေါ်စု၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် အာဏာ ရလာခဲ့သည်။

သို့သော်လည်း စစ်ဘက်သည် အဓိက အကျဆုံးသော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများကို ကွပ်ကဲနေဆဲဖြစ်ပြီး NLD ဝန်ကြီးများမှာ ၎င်းတို့၏ သက်ဆိုင်ရာ ဌာနများ၏ အမည်ခံ ခေါင်းဆောင်များထက် အနည်းငယ်သာ ပိုသည့် အဆင့်အတန်းမျိုးတွင်ရှိနေကာ အောက်ခြေ ဗျူရိုကရေစီ ယန္တရားတွင်လည်း ယခင် အာဏာရှင် အစိုးရလက်ထက်က တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော စစ်ဘက်က ခန့်အပ်ခဲ့သည့် အရာရှိများဖြင့် ပြည့်နှက်နေရာ အရပ်ဘက် ထိန်းချုပ်သော အဖွဲ့အစည်းများကိုပင် တကယ်တမ်း မဆိုစလောက် အာဏာလွှဲပြောင်းမှုသာ ရှိသည့် အဓိပ္ပာယ်ဖြစ်သည်။

သို့သော်လည်း ယင်းအချက်များသည် ဘင်္ဂါလီ အကျပ်အတည်းကို ကိုင်တွယ်ရာတွင် ဒေါ်စု၏ လက်တို့ကို လုံးဝ တုပ်နှောင်ထားသလို ဖြစ်နေသည်ဟု ဆိုလိုရာတော့ မရောက်ပေ။ ဝေဖန်သူတို့ကမူ သူ့အနေနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသော ပြည်နယ်အစိုးရနှင့် တွေ့ဆုံခြင်းဖြင့် စစ်ဘက်ကို စိန်ခေါ်ရန်မလိုဘဲ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အရပ်သား အစိုးရ၏ အကန့်အသတ်ဖြင့်သာ ရှိသောနေရာကို ချဲ့ထွင်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ 

ရခိုင်အမျိုးသားရေး အခြေခံဝါဒီ အများအပြား ပါဝင်သော ရခိုင်ပြည်နယ် (အစိုးရနှင့် လွှတ်တော်) အဖွဲ့ဝင်များကို သူ ဘဝင်ကျချင်မှ ကျနိုင်သော်လည်း ယင်းသို့ သွားရောက် လည်ပတ်ခြင်းဖြင့် မြန်မာ့အစိုးရ အုပ်ချုပ်ပုံတွင် အရပ်သားတို့၏ အခန်းကဏ္ဍရှိကြောင်း ပြသသင့်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ (မူရင်း ဆောင်းပါးရှင်၏ ဆောင်းပါးမှာ Asia Times ဝက်ဘ်ဆိုက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပဋိပက္ခ အလွန် ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် မသွားရောက်ရသေးပေ။ နိုဝင်ဘာလ ၂ ရက်နေ့တွင်မှ သွားရောက်ခဲ့ခြင်းဖြစ်သည်)

ဒေသဆေးရုံများသို့ သွားရောက်ပြီး ဒေသတွင်းရှိ ဘာသာရေး အသိုက်အဝန်း အားလုံး၊ မွတ်ဆလင်များ သာမက ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ အသိုက်အဝန်းမှ အကြမ်းဖက်မှုဒဏ် ခံစားရသူများကို သွားရောက် တွေ့ဆုံနိုင်ပေသည်။ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆိုလျှင် နိုင်ငံပိုင်ရုပ်သံမှ အပတ်စဉ် ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အခြားလူမှုကိစ္စများအကြောင်း ပြောဆိုတင်ပြနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

သို့သော်လည်း ၂၀၁၆ ခုနှစ်ကတည်း သူ၏ခေါင်းဆောင်မှုပုံစံမှာ ထောက်ခံသူ အများအပြား အတွက်ပင် သို့လော သို့လော ဖြစ်ခဲ့ရသည်။ သူသည် မြို့တော် နေပြည်တော်တွင် အထီးကျန်နေထိုင်ပြီး ၂၀၁၅ ခုနှစ်က သူ့ကို မဲပေးခဲ့ကြသော ပြည်သူများနှင့် နိုင်ငံရေး အပြောင်းအလဲမှ ဝေးကွာနေသလို ဖြစ်နေခဲ့သည်။ ဘင်္ဂါလီကိစ္စတွင် စစ်ဘက်ကို လက်လွှဲပေးသည့် သူ့မူဝါဒကြောင့် သူ၏ နိုင်ငံတကာမှ ဂုဏ်သတင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည်။

သူနှင့် သူ့ရုံးဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ် အကောင့်များတွင် ဖော်ပြသော အငြင်းပွားဖွယ်ရာ ကြေညာချက် အများစုမှာ သူ ကိုယ်တိုင်ပင် ရေးသားခြင်း မဟုတ်ဘဲ၊ သူ့ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ရုံးအဖွဲ့က ရေးသားခြင်းဖြစ်သည်။ ဦးဇော်ဌေးသည် ဦးသိန်းစိန်လက်ထက်ကလည်း အလားတူ တာဝန်ယူခဲ့သည့် စစ်ဘက်အရာရှိဟောင်း တစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဒေါ်စုအနိုင်ရပြီး အမတ်ဖြစ်လာခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း သူ့ပါတီသည် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း တစ်ချိန်က သူကိုယ်တိုင် ကမ္ဘာ့အဆိုးဆုံး အခြေခံဥပဒေများအနက်မှ တစ်ခုဟု သုံးသပ်ခဲ့သည့် ၂၀ဝ၈ အခြေခံဥပဒေ မူဘောင်အတွင်း သူကိုယ်တိုင် ဓားစာခံဖြစ်လာပြီဟုပင် သုံးသပ်ရမလိုဖြစ်နေသည်။

ဒေါ်စုသည် ဇွန်လတွင် အသက် ၇၂ နှစ်ပြည့်ပြီ ဖြစ်ရာ ပြောရလျှင် သူ့အတွက် အချိန်သိပ်မကျန်တော့ဟုပင် ဆိုနိုင်သည်။

ဒေါ်စုမရှိတော့လျှင် NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နှင့် အလားတူ အကြီးအကျယ် လူထုထောက်ခံမှုမျိုး ရနိုင်ခြေ နည်းပါးသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှ အနားယူလျှင် လက်လွှဲယူမည့် မျိုးဆက်သစ် NLD များကို ဒေါ်စုကရော သူ့ပါတီ၏ လူကြီးပိုင်း ခေါင်းဆောင်များကပါ ကောင်းစွာ ပျိုးထောင်ထားနိုင်ခြင်းမရှိပေ။

သို့ဖြစ်ရာ ဒေါ်စုသည် သူ့ပါတီအတွင်း အာဏာ လေဟာနယ်တစ်ခု ချန်ထားရဖွယ်ရှိပြီး ယင်းကို စစ်ဘက်နှင့် ၎င်း၏ နိုင်ငံရေး ကျောထောက်နောက်ခံ အင်အားစုများက အလွယ်တကူ အမြတ် ထုတ်သွားနိုင်သည်။

ရေရှည်တွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သော၊ ဒီမိုကရေစီ အမှန်တကယ် အသွင်ကူးပြောင်းမှု၏ အစဖြစ်လာနိုင်သော အစိုးရနှင့် အများပြည်သူ ဘဝအတွင်း အရပ်သားအစိုးရ၏ အခန်းကဏ္ဍ ကျယ်ပြန့်စေရေး လုပ်ငန်းစဉ်ကို ဒေါ်စုအနေနှင့် ယခုအချိန်အထိ စတင်နိုင်ခြင်း မရှိသေးပေ။  

မြန်မာနိုင်ငံအတွက် “ဘာလင်တံတိုင်းပြိုသည့် အခိုက်အတန့်” ဆိုသည်မျိုးလည်း မမြင်နိုင်သေးရာ ယင်းသို့သော အခြေအနေမျိုး အမှန်တကယ် ဖြစ်လာစေရန် မျိုးဆက်တစ်ဆက်ထက်ပိုပြီး အချိန်ယူရနိုင်သလို ပိုမို ခိုင်မာအားကောင်းသော ခြေလှမ်းများလည်း လိုအပ်လျက်ရှိပေသည်။

ဇေဝင်းနောင်
Ref: Asia Times, The Ties that Bind