News

POST TYPE

NEWS

အဇာဘိုင်ဂျန်၊ တူရကီ၊ ဂျော်ဂျီယာပိုးလမ်းမ ခေါင်းဆောင်များ ကိုယ်တိုင် ဖွင့်လှစ်

တစ်ဘလီစီ၊ နိုဝင်ဘာ ၁

တရုတ်နိုင်ငံနှင့် ဥရောပကို ချိတ်ဆက်ထားသည့် မဟာဗျူဟာ ပိုးလမ်းမကြီး၏ အစိတ်အပိုင်းအဖြစ် အဇာဘိုင်ဂျန်၊ တူရကီ၊ ဂျော်ဂျီယာ မီးရထားလမ်းပိုင်း ကွန်ရက်ကြီးကို အဆိုပါ တိုင်းပြည်များ၏ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရထားလမ်းပိုင်းသည် ကီလိုမီ တာပေါင်း ရှစ်ရာကျော်ရှည်ပြီး ခရီးသည်များ၊ ကုန်တင်ရထားများ ပြေးဆွဲနိုင်တော့မည်ဖြစ်သည်။ 

အဆိုပါ ဥရောပအဝင် မီးရထားလမ်းပိုင်းကို ချိတ်ဆက်ရန်အတွက် လမ်းကြောင်းသစ် ၁၀၅ ကီလိုမီတာ ထပ်ဖောက်ခဲ့ရပြီး ခရီးသည်တစ်သန်းနှင့် ကုန်တန်ချိန် ၅ သန်းကိုကို နှစ်စဉ် ပေးပို့နိုင်မည်ဖြစ်သည်။ 

ရထားလမ်းပိုင်းနှင့်အတူ ရေနံပိုက်လိုင်း ချိတ်ဆက်မှုပါ ပါဝင်သည်။ တူရကီနှင့် ကော့ကေးဆပ်ဒေသ လမ်းကြောင်းပါ ပွင့်သွားပြီဖြစ်ရာ ဒေသတွင်း စီးပွားရေး အခွင့်အလမ်းများ ပိုမိုပွင့်လန်းသွားပြီဟု ယူဆရသည်။ 

အဇာဘိုင်ဂျန်၊ တူရကီ၊ ဂျော်ဂျီယာ လမ်းပိုင်းသည် မဟာဗျူဟာ ပိုးလမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး မိမိတို့ ရန်ပုံငွေဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်က ပြောကြားခဲ့သည်။ 

ကော့ကေးဆပ် ရထားလမ်းပိုင်းကြီး စီမံကိန်းသည် စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ကုန်ကျခဲ့သည်။ 

မီးရထားလမ်းပိုင်းများ အသစ် တည်ဆောက်ရခြင်းနှင့် ရှိပြီးသား လမ်းပိုင်းများကို အဆင့်မြှင့်ရခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ရသည်။

စီမံကိန်း အပြီးသတ်နိုင်မည့် ကာလအား ၂၀၁၁ ကတည်းက အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရခြင်းလည်း ဖြစ်သည်။

အရှေ့ဥရောပအဝင် ရထားလမ်းပိုင်းနှင့်ပတ်သက်ပြီး ဥရောပနိုင်ငံကြီးများကလည်း စိတ်ဝင်တစား ရှိခဲ့သည်ဟု သက်ဆိုင်ရာ နိုင်ငံများက ဆိုထားသည်။ 

မဟာဗျူဟာ ပိုးလမ်းမကြီးသည် အာရှတိုက်နှင့် ဥရောပတိုက်တို့ကို ဆက်သွယ်ထားပြီး ကုန်သွယ်ရေး စီးဆင်းမှု တစ်ဆစ်ချိုးမည့် စီမံကိန်းကြီးဖြစ်သည်။ 

F-02