News

POST TYPE

NEWS

တောင်ကြီး မီးပုံးပျံပွဲ ပြည်ပခရီးသွား လာရောက်သူ နည်းပါးသော်လည်း ပြည်တွင်း လာရောက်ကြည့်ရှုသူများပြား
01-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မီးပုံးပျံပွဲတွင် ယခင်နှစ်ကထက် ပြည်ပမှ ခရီးသွားဧည့်သည် လာရောက်မှု နည်းပါးသော်လည်း မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ပြည်တွင်း ခရီးသွားများကြောင့် ကွင်းအပြည့်နီးပါးအထိ များပြားလျက်ရှိကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၊ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောကြားသည်။

“ဒီနှစ်မှာ တောင်ကြီးမီးပုံးပျံပွဲက လုပ်ဖြစ်မလား။ မလုပ်ဖြစ်လားဆိုတာ မသေချာတော့ ပြည်ပ ခရီးသွားက လာရာက်တာ နည်းပါးတယ်။ ပြည်တွင်းကတော့ လာရောက်သူကတော့ မနှစ်ကထက် များတယ်။ ကွင်းအပြည့်နီးပါးပဲ”ဟု ဒေါက်တာမျိုးထွန်းက ဆိုသည်။

ယခုနှစ် တောင်ကြီးမီးပုံးပျံတွင် ပြည်ပ ခရီးသွား ကုမ္ပဏီများကို ချိတ်ဆက်ကာ လာရောက်မှု နည်းပါးလာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းများအသင်း တောင်ကြီးဇုန်(ရှမ်းပြည် တောင်ပိုင်း)မှ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဌေးအောင်က ပြောကြားသည်။

“ဒီနှစ် မီးပုံးပျံပွဲကို ပြည်တွင်း၊ ပြည်ပက ခရီးသွားလာတာ အစ်ကိုတို့ ကုမ္ပဏီဆို မနှစ်ကအဖွဲ့ ၂၀ လောက် ရှိတယ်။ ဒီနှစ်ဆို ၂ ဖွဲ့လောက်ပဲ ရှိတယ်။ မနှစ်ကဆို ကားတွေဆို လုံးဝ မအားဘူး။ ဒီနှစ်ဆို ကားတွေဆို မီးပုံးပျံပွဲတော်ဘက် လွှတ်တာ နည်းတယ်”ဟု ၎င်းကဆိုသည်။

မီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၁ ရက် ညက မီးပုံးပျက်ကျရာမှ ယမ်းစ ထိမှန်သဖြင့် လူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့ကလည်း  မီးပုံးပျံပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ယမ်းပြုလုပ်နေသည့် နေအိမ်မှ မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး မီးကူးစက် လောင်ကျွမ်းခဲ့၍ လူတစ်ဦး သေဆုံးကာ လေးဦးမှာ မီးလောင် ဒဏ်ရာများ ရခဲ့သည်။

“၂၉ ရက်နေ့ မီးလောင်တဲ့နေ့က လေးယောက် ဒဏ်ရာရတယ်။ ၂၉ ရက်နေ့ ညက သေသွားတဲ့ တစ်ယောက်ကတော့ မီးလောင်တာနဲ့ မပတ်သက်ဘူး။ မီးသတ်ကား မောင်းရင်းနဲ့ နဂိုကတည်းက ပန်းနာ ရင်ကျပ်ရှိလို့ မီးခိုးငွေ့တွေနဲ့ ဆုံးသွားတယ်။ ဒဏ်ရာ မပြင်းတဲ့ နှစ်ယောက်ကတော့ ဒီနေ့မှာ ဆေးရုံက ဆင်းသွားပြီ။ ၃၀ ရက်နေ့က ဖြစ်တဲ့ ၁၁ ယောက်မှာ သာမန် ဒဏ်ရာပဲရလို့ ပြင်ပ လူနာမှာပြပြီး ပြန်သွားတာက သုံးယောက်၊ ၈ ယောက်ကတော့ ဆေးရုံ တင်ထားတယ်။ ၈ ယောက်မှာ ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားဖြစ်လို့ သေချာ ကြပ်ကြပ်မတ်မတ် ကုသပေးနေတယ်”ဟု ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးက ဆိုသည်။

ယခုနှစ် တောင်ကြီး မီးပုံးပျံပွဲတွင် နိုဝင်ဘာ ၁ ရက်နေ့အထိ ဒဏ်ရာရရှိသူ ၁၅ ဦးခန့် ရှိကြောင်းနှင့် ဖြစ်စဉ်များဖြစ်ပွားပါက ဆေးရုံကို မြန်မြန် ပို့နိုင်အောင် အဝင် အထွက် လမ်းကြောင်းတွေကို မြန်မြန်ထွက်နိုင်အောင် ဆောင်ရွက်နေကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် အောက်တိုဘာ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ဆယ်ရက်တိုင် ကျင်းပမည့် ယင်းပြိုင်ပွဲတွင် မီးပုံးပျံ အလုံးရေ ၃၇၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

J-10

  • VIA