News

POST TYPE

NEWS

မင်္ဂလာဒုံ ကျူးကျော်အိမ်များ ဖျက်သိမ်းမှု ရပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ဇေကမ္ဘာကုမ္ပဏီက လူအင်အား အများအပြားဖြင့် အောက်တိုဘာလ ၃၀ ရက်က စတင် ဖျက်သိမ်းလျက်ရှိသော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန် တိုးချဲ့ ၁ လမ်းရှိ ကျူးကျော်အိမ်များ ဖျက်သိမ်းမှုကို ရပ်လိုက်ကြောင်း ဒေသခံ လယ်သမားများထံမှ စုံစမ်းသိရသည်။

အဆိုပါနေရာမှာ မြေယာ အငြင်းပွားနေသည့်နေရာဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်က ကျူးကျော်အိမ် နှစ်လုံးကို ဖျက်ပြီးနောက် အငြင်းပွားမှု ပြဿနာ မပြီးပြတ်သေးသည့်အတွက် ဖျက်သိမ်းမှု ရပ်လိုက်ခြင်းဖြစ်ကြောင်း မူလမြေပိုင်ရှင်ဆိုသူ ဦးကံထွန်းက ပြောကြားသည်။

“ကျွန်တော်တို့သာ အဖျက်ခံလိုက်ရတာ။ ဘယ်က စာရွက်စာတမ်းမှ မဖတ်ရဘူး။ လူအင်အား များများနဲ့ သူတို့က ဖျက်ချသွားတာ။ ကျွန်တော်နေရာမှာ ကျန်ခဲ့တာက ဘာကြောင့်လဲဆိုရင် သူတို့ကိုင်ထားတဲ့မြေပုံရယ် သူတို့တူးထားတဲ့နေရာက လုပ်ကိုင်တွေရယ် စိုက်ထားတဲ့ဆိုင်းဘုတ်က မြေပုံရယ် အကုန်လွဲမှားတဲ့အကြောင်း ကျွန်တော်ကပြောတော့ သူတို့ ဆက်မလုပ်ဘဲ ဒီအတိုင်း ရပ်ထားခဲ့တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

နေအိမ်အချို့ကို လာရောက် ဖျက်သိမ်းရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဝ ခန့်က လုံခြုံရေးယူခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီဘက်က အရပ်ဝတ်အင်အား ၁၅၀ ခန့်က အဆိုပါ မြေဧက ၁၁ ဒသမ ဝ၇၇ ပေါ်ရှိ နေအိမ်များကို ဖျက်သိမ်းခြင်း ဖြစ်သည်။

“ဇေကမ္ဘာ ကုမ္ပဏီက ဒီမြေကို ဥပဒေနဲ့အညီ ဘယ်လိုရရှိခဲ့လဲ။ ဒီမြေနေရာမှာ နိုင်ငံတော်က သူ့ကို ဘယ်လို လုပ်ပိုင်ခွင့်ပေးလဲ။ စာချုပ်စာတမ်းနဲ့ ညီညွတ်မှုရှိလား ပြန်လည် စစ်ဆေးပြီး တင်ပြသွားမယ်”ဟု မင်္ဂလာဒုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ဆိုသည်။

အဆိုပါ မြေ ၁၁ ဒသမ ဝ၇၇ ဧကကို ပိုင်ဆိုင်မှုအတွက် ဇေကမ္ဘာကုမ္ပဏီ နှင့်လယ်သမား လေးဦးတို့ ၂၀၁၂ ခုနှစ်ကတည်းက အမှုရင်ဆိုင်ခဲ့ရပြီး ဇေကမ္ဘာ ကုမ္ပဏီနှင့် လယ်သမားများ ခြောက်နှစ်ကျော် အမှုရင်ဆိုင်ပြီးနောက် လယ်သမားများက အမှုရှုံးနိမ့်ခဲ့သည့်အတွက် ယင်းကဲ့သို့ နေအိမ်အချို့ကို လာရောက် ဖျက်သိမ်းခြင်းဖြစ်သည်။

“ကျွန်တော်တို့ အိမ်က လျှပ်စစ်မီး အမည်ပေါက်ရထားပြီး ဖြစ်တယ်။ ဒီမှာနေတာ အနှစ် ၂၀ ရှိပြီ။ အခုက အမှုက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီကို တင်ပြထားပြီး အမိန့်စောင့်နေဆဲဖြစ်တယ်။ တရားလမ်းကြောင်းဘက်ကလဲ စာချွန်တော် တင်သွားဖို့ရှိတယ်”ဟု နေအိမ် ဖျက်သိမ်းခံရသည့် လယ်သမား တစ်ဦးဖြစ်သူ ဦးလှဌေးက ဆိုသည်။

လက်ရှိ ဖျက်သိမ်းနေသည့် မြေပေါ်တွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၅ နာရီကျော်အထိ ဇေကမ္ဘာ ကုမ္ပဏီဘက်က နေအိမ်နှစ်လုံးခန့်သာ ဖျက်သိမ်းခဲ့ပြီး ကျန်နေအိမ်များ ဖျက်ရန် ခေတ္တ ရပ်ဆိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး အလယ်ပိုင်းရပ်ကွက်၊ အောင်မင်္ဂလာ (၂) လမ်းရှိ အဆိုပါ မြေနေရာကို ဇေကမ္ဘာ ကုမ္ပဏီက မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

J-10