News

POST TYPE

NEWS

တောင်ကြီး မီးပုံးပျံကွင်းတွင် ပြိုင်ပွဲဝင် ညမီးကြီးတစ်လုံး ပျက်ကျ၊ ၁၂ ဦးဒဏ်ရာရ
31-Oct-2017


ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၃၀ ရက် ည ၉ နာရီဝန်းကျင်က လွှတ်တင်လိုက်သည့် ညမီးကြီးတစ်လုံးမှာ ကွင်းအတွင်း ပျက်ကျခဲ့သောကြောင့် ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကန်ရှေ့ရပ်ကွက် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် တွံတီမီးအမည်ရှိ ညမီးကြီးမှာ ယမ်း ၃၇ ပိသာ အသုံးပြုထားပြီး ယင်းညက လွှတ်တင်ခဲ့စဉ် ကိုက် ၄၀၀ ခန့်အရောက် ပျက်ကျကာ ကွင်းအတွင်းရှိ VIP ဆောင်ရှေ့ ပြုတ်ကျခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည်။ မီးပုံးပျက်ကျ မီးလောင်ကျွမ်းမှုကြောင့် ယမ်းစ ထိမှန်ပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး ရှစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးမှာ စဝ်စံထွန်းဆေးရုံတွင် စိုးရိမ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းက တောင်ကြီးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်က တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနော်ရထာလမ်းတွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ယမ်းပြုလုပ်နေသည့် နေအိမ်မှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး မီးကူးစက်လောင်ကျွမ်း၍ လူတစ်ဦး သေဆုံးကာ လေးဦးမှာ မီးလောင်ဒဏ်ရာများ ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဆယ်ရက်တိုင် ကျင်းပမည့် အဆိုပါ ပြိုင်ပွဲတွင် မီးပုံးပျံ အလုံးရေ ၃၇၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မတော်တဆ မီးလောင်ကျွမ်းမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို အချိန်မီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ရန် ကွင်းအနီးတွင် မီးသတ်တပ်ဖွဲ့ကို အသင့်အနေအထား ဆောင်ရွက်ပေးထားကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

S-03

  • VIA