News

POST TYPE

NEWS

တောင်ကြီးမီးပုံးပျံကွင်းရှိ ဘီယာဆိုင်တွင် ဓားထိုးမှုဖြစ်
31-Oct-2017

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းက ဘီယာဆိုင်မှ လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးကို ဘီယာ လာသောက်သူက ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဘီယာဆိုင် လုံခြုံရေးဝန်ထမ်းဖြစ်သူ အသက် ၃၈ နှစ် ဦးအောင်အောင် (ခ) ဝင်းသန်းအောင်မှာ ယင်းနေ့ နံနက် ၂ နာရီဝန်းကျင်က ဆိုင်တွင် ဘီယာလာသောက်နေသူနှစ်ဦး စကားများ ရန်ဖြစ်နေသောကြောင့် ဝင်ရောက် ဖျန်ဖြေပေးခဲ့ကြောင်း၊ ယင်းသို့ ဖျန်ဖြေပေးသည်ကို စကားများ ရန်ဖြစ်နေသူ နှစ်ဦးအနက်မှ အသက် ၃၅ နှစ် ပြည့်ဖြိုးဟိန်းက မကျေနပ်သဖြင့် အသင့်ပါလာသည့် ဓားဖြင့် လုံခြုံရေးဝန်ထမ်း ဦးအောင်အောင်၏ ဝမ်းဗိုက်ကို ထိုးသွင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဒဏ်ရာရရှိသူ ဦးအောင်အောင်မှာ စဝ်စံထွန်း ဆေးရုံတွင် (စိုးရိမ်ရ) ဆေးကုသမှု ခံယူနေရပြီး ဓားထိုးမှု ကျူးလွန်ခဲ့သူကို ယင်းနေ့ နံနက် ၇ နာရီတွင် ဖမ်းမိခဲ့သောကြောင့် တောင်ကြီးမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

တန်ဆောင်တိုင် ပွဲတော်များထဲတွင် အထင်ရှားဆုံး ဖြစ်သည့် တောင်ကြီး မီးပုံးပျံပွဲတော်မှာ နှစ်စဉ် ရပ်နီးရပ်ဝေးမှ လာရောက် ကြည့်ရှုသူများဖြင့် စည်ကားလှပြီး မီးပုံးပျံပျက်ကျခြင်း၊ ယမ်းပေါက်ကွဲခြင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် နှစ်တိုင်း လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပွားလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03

  • VIA