News

POST TYPE

NEWS

AA အဖွဲ့မှ ဒုဗိုလ်မှူးကြီးဆိုသူကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအမှုဖွင့်
24-Oct-2017
ရန်ကုန်၊ အောက်တိုဘာ ၂၄

လက်နက်ခဲယမ်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသော AA လက်နက်ကိုင်အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးဆိုသော အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) မင်းခန့် အပါအဝင် ကိုးဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ ဖြင့် အရေးယူပေးပါရန် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးက သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် ယနေ့ (အောက်တိုဘာလ ၂၄ ရက်) ညနေ ၄ နာရီဝန်းကျင်က တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သည်။

၂၀၁၅ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပစ္စတိုသေနတ်နှှင့်အတူ AA လက်နက်ကိုင်အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးဆိုသော အောင်မြတ်ကျော်ကို ဖမ်းမိခဲ့ပြီးနောက် ဒဂုံမြောက်၊ မြောက်ဥက္ကလာပနှင့် လှိုင်သာယာမြို့နယ်တို့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီးနောက် ယင်းအမှုကွင်းဆက်မှ ရခိုင်ပြည်နယ်တွင် လက်နက်ခဲယမ်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိသူ အောင်မြတ်ကျော်နှင့် အမှုတွဲပါ ကွင်းဆက်များကို ဖမ်းဆီး၍ သက်ဆိုင်ရာ တရားရုံးများတွင် မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးခဲ့သော်လည်း ၎င်းတို့အဖွဲ့မှ လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိခဲ့သည့် အကျိုးအမြတ်၊ ပိုင်ဆိုင်မှု ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို အရေးယူခြင်း မပြုလုပ်နိုင်ရန် ဖုံးကွယ်ဖျောက်ဖျက်ခြင်းနှင့် တရားဝင်အဖြစ် ရောက်ရှိစေရန် အတုပြုလုပ်ခဲ့မှုများကို စသုံးလုံးအဖွဲ့က စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့သည်။

အဆိုပါအဖွဲ့မှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးရပ်ကွက် မြယမုံအိမ်ရာဝင်းတွင် ကျပ်သိန်း ၄၂၀၀ ရှိ မြေနှင့် နှစ်ထပ်တိုက်၊ လေးထောင့်ကန်ရပ်ကွက် ကန်တော်လမ်းရှိ ကျပ်သိန်း ၈၀၀ တန် သုံးလွှာတိုက်ခန်း တစ်ခန်းတို့ကို ဝယ်ယူထားပြီး တိုက်ခန်းအတွင်း ပရိဘောဂနှင့် အသုံးဆောင်ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၆၀ ကျော် ပြင်ဆင်ထားရှိကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၁၉၈ သိန်းရှိသော 6K/ ** NISSAN အမျိုးအစား ယာဉ်တစ်စီး၊ တန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ရှိသော 6K/**** SUZUKI ARTIGA အမျိုးအစား ယာဉ်တစ်စီး၊ တန်ဖိုးငွေ ကျပ်သိန်း ၄၀၀ ရှိ အင်ဂျင် ၅ လုံးတပ် စက်လှေနှင့် ကျပ် ၆၆ သိန်းခွဲရှိ ရခိုင်စက်လှေ တစ်စီးတို့ကို ဝယ်ယူပိုင်ဆိုင်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအပြင် CB ဘဏ်၊ KBZ ဘဏ်၊ UAB ဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်များတွင် အောင်ကျော်ထွန်း၊ ညိုညိုလင်း၊ ဆန်းဆန်း (ခ) ဆန်းမင်း (ခ) ကျော်ဝင်းထွန်း၊ ဉာဏ်ဉာဏ်(ခ)ဉာဏ်လင်းထွန်းနှင့် အောင်အောင် (ခ) အောင်ဉာဏ်လင်းတို့၏ အမည်များဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များမှ လက်ကျန်ငွေ ၄၂၄ သိန်းကျော်ရှိကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

S-03


  • VIA