News

POST TYPE

NEWS

ခွင့်ပြုချက်မရှိဘဲ နေထိုင်သော နိုင်ငံခြားသားများကို ရှောင်တခင် ဖမ်းဆီးမည်
23-Oct-2017 tagged as

သပိတ်ကျင်း၊ အောက်တိုဘာ ၂၃

ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်လုပ်ကိုင်ရမည့် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် လုပ်ကွက်များတွင် ခွင့်ပြုချက် တင်ပြထားခြင်း မရှိသည့် နိုင်ငံခြားသားများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။

ကန့်သတ်ထားသည့် နယ်မြေအတွင်း နိုင်ငံခြားသားများ နေထိုင်ခြင်း မရှိစေရေးအတွက် ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များကိုလည်း တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဘယ်နေ့ ဖမ်းမယ်ဆိုတာကိုတော့ ထုတ်ပြောလို့မရဘူး။ ရှောင်တခင် ဖမ်းဆီး အရေးယူသွားမယ်။ ကွင်းဆင်းဖမ်းဆီးရေးအဖွဲ့မှာ ရဲတပ်ဖွဲ့ပါမယ်၊ အလုပ်သမားနဲ့ လူဝင်မှု ကြီးကြပ်ရေးပါမယ်၊ သတ္တု တာဝန်ခံပါမယ်။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ပါ”ဟု ၎င်းက ရှင်းပြသည်။

အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် လာရောက်နေထိုင် လုပ်ကိုင်သော နိုင်ငံခြားသားများသည် ဂိုလ်းဝင်းနား၊ မြန်မာကျင်စိန်၊ ရွှေပြည်သာ၊ ရွှေဝါတောင်၊ ရွှေစုစုသန်း အပါအဝင် ကုမ္ပဏီ ၁၂ ခုတွင် နေထိုင်လုပ်ကိုင်နေသည်ဟု သတင်းပို့ထားကြောင်း သပိတ်ကျင်းမြို့နယ် အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးမှူးရုံး ဒုလဝက ဦးစီးမှူး ဦးညီညီက ပြောကြားသည်။

ကန့်သတ်နယ်မြေတွင် လုံခြုံရေးအရ နိုင်ငံခြားသားများ ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး မည်သည့် နိုင်ငံခြားသားမျှ ခွင့်ပြုချက် တင်ပြထားခြင်းမရှိဘဲ နေထိုင်ခြင်းမရှိစေရေးအတွက် ဒေသအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်း စစ်ဆေးရန် ညွှန်ကြားထားကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

R-05

  • TAGS