News

POST TYPE

NEWS

မန္တလေးတွင် မီနီအိုးဝေကားစီးလုံးငှား ဝန်ဆောင်မှုပေးရန်ပြင်ဆင်
23-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၂၃

မန္တလေးမြို့တော်တွင် နေထိုင်သူများနှင့် အခြားဒေသများမှ လာရောက်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရန် စီးလုံးငှားသုံးဘီးကား ဆိုင်ကယ် ဝန်ဆောင်မှုပေးရန် ပြင်ဆင်နေကြောင်း OWAY RIDE ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

“ဒီဒေသမှာ သွားရေးလာရေး ပိုမိုလွယ်ကူစေပြီး သက်သာတဲ့ဈေးနှုန်း၊ စိတ်ချလုံခြုံစွာ စီးနင်းနိုင်အောင် စဉ်းစားတဲ့အခါမှာ ဒီမီနီအိုးဝေ ဆိုတာ ဖြစ်လာတာ။ အခုလက်ရှိမှာ ပြေးဆွဲလိုသူတွေကို ကားတွေ ပေးထားပြီးပြီ။ တိုင်းအစိုးရနဲ့ စာချုပ်ပြီးတာနဲ့ တရားဝင် လုပ်ငန်းစမယ်။ အခု ကားရထားတဲ့သူတွေကတော့ ဆွဲနေတာပဲ”ဟု ယင်းကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးနိုင်ထွန်းက ပြောကြားသည်။

အဆိုပါ စီးလုံးငှားဝန်ဆောင်မှုစနစ်အရ ခရီးသည်များ သွားလာလိုသည့် ခရီးအကွာအဝေးအတိုင်း ဖုန်းတွင် ထည့်သွင်းထားသော ဆော့ဖ်ဝဲဖြင့် တွက်ချက်ကာ ငွေပေးချေရသည့်စနစ်ဖြစ်ရာ သွားလိုသည့် ခရီးအကွာအဝေး၏ ပထမဦးဆုံး တစ်ကီလိုမီတာအတွက် တစ်ထောင်ကျပ် ကျသင့်မည်ဖြစ်ကာ နောက်ထပ်ပိုလာသည့် တစ်ကီလိုမီတာတိုင်းအတွက် ၂၅၀ ကျပ် ကျသင့်မည်ဖြစ်သည်။

“ကျွန်တော် ဒီသုံးဘီးရတာ နှစ်ရက်ပဲ ရှိပါသေးတယ်။ ပထမတစ်ရက်ကတော့ (ကျပ်) ၁၂,ဝ၀ဝ ကျော်ကျော်ရတယ်။ အောက်တိုဘာ ၂၃ ကတော့ ညနေ  ၅ နာရီလောက်အထိမှ ၆၀ဝ၀ ရပါပြီ။  ကုမ္ပဏီက ချပေးတဲ့ခရီးသည်ကိုတော့ သတ်မှတ်ထားတဲ့ဈေးအတိုင်း လိုက်ပို့ပါတယ်။ ကိုယ်တိုင်ရှာတဲ့ ခရီးသည်ကိုတော့ ကြိုက်ဈေး တောင်းနေတာပါ။ ဒီကားက သုံးနှစ် ငွေသွင်းပြီးရင် အပိုင်ရမယ်။ ဒါကို တစ်ရက်ချင်း ငွေသွင်းပေးရမယ်။ ခုလောလောဆယ်တော့ ကားရထားတယ်။ ငွေ မသွင်းရသေးဘူး။ သူတို့ဘယ်အချိန် စသွင်းခိုင်းမလဲတော့ မသိသေးပါဘူး”ဟု အဆိုပါ စီးလုံးငှားသုံးဘီးယာဉ် ရရှိထားသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ကုမ္ပဏီအနေနှင့် ခရီးသည်များ အားလုံးကို ကုမ္ပဏီက သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ကောက်ခံရန် အသိပေးထားကြောင်း၊ ယာဉ်မောင်းများက ပိုမိုတောင်းခံမှုများ ရှိခဲ့ပါက ခရီးသည်များအနေနှင့် ကုမ္ပဏီထံ ဆက်သွယ် အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များ တပ်ဆင်ပေးထားကြောင်း၊ ယင်းသို့သော ဖြစ်စဉ်များရှိလာပါက ကုမ္ပဏီအနေနှင့်ဖြေရှင်းပေးမည့် ဝန်ဆောင်မှုများလည်း ထားရှိပေးရန် စီစဉ်နေကြောင်း ဦးနိုင်ထွန်းက ထပ်လောင်း ပြောဆိုသည်။

အဆိုပါ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မောင်းနှင်ခဲ့သော ခရီးအကွာအဝေးကို စောင့်ကြည့်နိုင်ရန် ယာဉ်အားလုံးတွင် GPS စနစ်တပ်ဆင်ထားပြီး ယာဉ်ပေါ်တွင်လည်း လက်ကိုင်ဖုန်းတစ်လုံး တပ်ဆင်ထားကာ OWAY RIDE အပလီ ကေးရှင်းထည့်သွင်း၍ မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

မန္တလေးမြို့အတွင်း ရပ်ဝေးမှလာသော ခရီးသည်များကို လိမ်လည်ခေါ်ဆောင်ကာ လူအင်အားဖြင့် ဈေးအဆမတန် တောင်းဆိုသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေရာ ယခုကဲ့သို့ ဝန်ဆောင်မှုပေးခြင်းသည် ကောင်းမွန်သော်လည်း ယင်းဝန်ဆောင်မှုတွင် ပါဝင်လည်ပတ်နေကြမည့် ယာဉ်မောင်းများကိုလည်း တိကျစွာ ထိန်းကျောင်းနိုင်မှသာ အောင်မြင်မည် ဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

“ဟိုတစ်နေ့ကတော့ တွေ့လိုက်ပါတယ်။ ဆိုင်ကယ်တက္ကစီနဲ့စာရင် မိုးလုံ လေလုံ၊ ကျကျနနထိုင်ရမယ့်ပုံပါပဲ။ အင်တာနက်ပေါ်မှာတွေ့တာက တစ်ကီလို မီတာမှတစ်ထောင်၊ ပြီးရင်နောက်တိုးတဲ့ ဟာတွေက ၂၅၀ ဆိုတော့ တော်တော် အဆင်ပြေတဲ့ဈေးလို့ ပြောလို့ရတယ်။ နောက်တစ်ခုက သူတို့က ကုမ္ပဏီနဲ့ချိတ်ဆက်ထားတာဆိုတော့ ကယ်ရီသမားတွေလို ငွေညှစ်တဲ့ကိစ္စမျိုး ဖြစ်မလာနိုင်တော့ဘူး”ဟု ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံ ရပ်ကွက်တွင် နေထိုင်သော ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ယင်းဝန်ဆောင်မှုကို စတင်နိုင်ရန် ယာဉ်အစီး ငါးဆယ်ချပေးထားပြီးဖြစ်ကာ ထပ်မံ တိုးချဲ့ချထားရန်အစီအစဉ်ရှိကြောင်း OWAY RIDE ကုမ္ပဏီထံမှ သိရသည်။

M-04