News

POST TYPE

NEWS

TMH တယ်လီကွန်းကုမ္ပဏီ စတော့အိတ်ချိန်းဝင်မည်
23-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော TMH တယ်လီကွန်းကုမ္ပဏီက ရန်ကုန်စတော့ အိတ်ချိန်းဝင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က The Voice သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် TMH တယ်လီကွန်းကုမ္ပဏီကို စတော့အိတ်ချိန်းတွင် စာရင်း တင်နိုင်ရန်အတွက် စိစစ်လျက်ရှိပြီး စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် ကျန်ရှိနေသေးသည့် မြန်မာလယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေး (MAPCO) နှင့် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီများထက် အရင်စော၍ စာရင်းဝင်လာနိုင်ကြောင်း ၎င်းကပြောဆိုသည်။

“အခု စိစစ်နေတာ ၈၀ ရာခိုင်နှုန်းကျော်လောက်ပြီးနေပြီ။ ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလောက်မှာ စာရင်းတင်နိုင်မယ့် အနေအထား ရှိတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ TMH တယ်လီကွန်းကုမ္ပဏီ အနေနှင့် ရန်ကုန်စတော့အိတ်ချိန်းတွင် အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) ဖြင့် ရှယ်ယာအသစ်များ ထုတ်ရောင်းချသွားမည်ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ထံမှ သိရသည်။

“ကျွန်တော်တို့ အခုစိစစ်နေတဲ့ Process လုပ်နေပါတယ်။ အရင်အဆင်သင့်ဖြစ်တဲ့ ကုမ္ပဏီကို အရင်တင်သွားမှာ။ ကျွန်တော်တို့က ဘယ်ကုမ္ပဏီကိုမှ မဝင်ပါနဲ့ဦးလို့ မပြောဘူး။ အရင်အဆင်သင့် ဖြစ်တဲ့သူကတော့ အရင်တင်သွားမှာပဲ”ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

အဆိုပါ TMH တယ်လီကွန်းကုမ္ပဏီအနေနှင့် လက်ရှိရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကာ ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်နေသော ကုမ္ပဏီလေးခုကဲ့သို့ ရှယ်ယာအဟောင်းများကို အရောင်းအဝယ် လုပ်ဆောင်မည် မဟုတ်ဘဲ ရှယ်ယာအသစ်များ ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (FMI)၊ မြန်မာသီလဝါ အထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိပြီး မြန်မာလယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီတို့ကလည်း စတော့အိတ်ချိန်းသို့ဝင်ရန် လုပ်ဆောင်လျက်ရှိသည်။

TMH တယ်လီကွန်းကုမ္ပဏီသည် ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း၊ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခြင်း၊ အင်တာနက်ဖိုက်ဘာ ပြုပြင်ထိန်းသိမ်းခြင်းအပြင် အခြားဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

J-01

  • TAGS