News

POST TYPE

NEWS

အီးယူသို့ ပျားရည်ပို့ရန် ကုန်ကျစရိတ်များ၍ တန်ချိန်လျှော့ပို့ရန် ဆွေးနွေး
23-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၂၂

အီးယူ (ဥရောပသမဂ္ဂ) နိုင်ငံများသို့ ပျားရည်တင်ပို့ရန်မှာ ကုန်ကျစရိတ် အလွန်များပြားသောကြောင့် ကနဦးစပို့သည့်နှစ်တွင် တန်ချိန် အနည်းငယ်သာ တင်ပို့ရန် ဆွေးနွေးနေကြောင်း ပျားမွေးမြူရေး ဦးစီးဌာနထံမှ သိရသည်။

အနောက်နိုင်ငံများသို့ ပျားရည်တန်ချိန် ၄၅၀ဝ တင်ပို့မည်ဆိုပါက ဂျာမနီတွင် အရည်အသွေး စစ်ဆေးရမည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၂၆ သန်းနီးပါး ကုန်ကျမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များမှာ ယင်းငွေကို မတတ်နိုင်၍ တန်ချိန် လျှော့ပို့ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောကြားသည်။

“ဒီပျားရည်တွေမှာ ဓာတ်ကြွင်း အာနိသင်တွေ ပါတတ်တယ်။ ဒါတွေကို သူတို့ဘက်က စစ်တဲ့အခါ ဂျာမနီမှာ စစ်မှာ။ ပထမစစဦးချင်း တင်ပို့တဲ့နှစ်မှာတော့ GIZ (ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) က စစ်တဲ့စရိတ်ကို အကုန်အကျ ခံပေးမှာ။ နောက်နှစ်တွေမှာ လုပ်ငန်းရှင်တွေက ကုန်ကျစရိတ်ခံရမှာပါ”ဟု ၎င်းကရှင်းပြသည်။

အီးယူဈေးကွက်သည် အာရှဈေးကွက်များထက် ပျားရည်ကို ဈေးကောင်း ပေးဝယ်သောကြောင့် ပျားရည်လုပ်ငန်းရှင်ကြီး လေး၊ ငါးဦးခန့်ကို စုစည်းကာ ပျားရည်တန်ချိန် ၈၀ဝ နီးပါး တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ပျားမွေးမြူရေး ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် မြန်မာ့ပျားရည်ကို တရုတ်နှင့် ဂျပန်တို့က ဈေးကောင်းပေးဝယ်နေပြီး အီးယူသို့ တင်ပို့နိုင်မည်ဆိုပါက အဆိုပါ ဈေးနှုန်းများထက် နှစ်ဆနီးပါး ပိုရနိုင်ကြောင်း ပျားရည်ကုန်သည် ဦးစိန်တင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၅၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၇၇၀ ကျော် ရရှိခဲ့ကာ အီးယူသို့ လာမည့်နှစ်အတွင်း ပျားရည်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း ပျားမွေးမြူရေးဦးစီးဌာနထံမှ သိရသည်။

J-13

  • TAGS