News

POST TYPE

NEWS

လူမှုဖူလုံရေး ဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းများ အလုံအလောက်မရှိဟု ပြည်ထောင်စုဝန်ကြီးပြော
22-Oct-2017

ရန်ကုန်၊ အောက်တိုဘာ ၂၂

လူမှုဖူလုံရေး ဆေးခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အလုံအလောက် မရှိသေးကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“လူမှုဖူလုံရေး ဆေးခန်းတွေမှာ အားနည်းချက်တွေ ရှိပါတယ်။ အဲဒါကြောင့် Care Well ကုမ္ပဏီနဲ့ပူးပေါင်းပြီး ပြင်ပက ဆရာဝန်တွေနဲ့ ဆောင်ရွက်နေတာပါ။ အရေးပေါ် ခွဲစိတ်ခန်းပါတယ်။ ဒီဆေးခန်းအနေနဲ့ကတော့ ဆေးဝါး အပြည့်အစုံ ထားပါတယ်။ အလားတူ သူနာပြုဆေးခန်း ဝန်ဆောင်မှု အနေအထား၊ ပစ္စည်းအနေအထားအရ သာမန် လူမှုဖူလုံရေး ဆေးခန်းတွေနဲ့မတူဘဲ ပိုမိုပြီးအဆင့်မြင့် ပြင်ပဆေးခန်းတွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားရှိတယ်၊ အာမခံ လုပ်သားတွေ စိတ်ချကုသနိုင်ပါတယ်” ၎င်းက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်က ပြုလုပ်သည့် ရွှေပြည်သာမြို့နယ်၊ စက်မှု ဇုန် (၃) ဖန်ချက်ဝန် ဦးရွှေဘိုလမ်းနှင့် ပုလဲလမ်းထောင့်ရှိ လူမှုဖူလုံရေး Care Well ဆေးခန်းဖွင့်ပွဲတွင် ဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

Care Well ဆေးခန်းကို လွန်ခဲ့သည် တစ်လခန့်က စတင်ဖွင့်လှစ်ခဲ့ရာ နေ့စဉ် အလုပ်သမား ၅၀ ခန့် ပုံမှန် ဆေးကုသပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။

ဖွင့်ပွဲအခမ်းအနားကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရွှေပြည်သာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ်တို့မှ တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင် လုပ်ငန်းဌာနပေါင်း (၁၀၆၆၆) မှ လုပ်သားအင်အား  ၇၁၅,ဝ၂၅ ရှိသည့်အနက် ရွှေပြည်သာမြို့နယ်ရှိ အကျုံးဝင် လုပ်ငန်းဌာန ၅၀၆ ဌာနမှ လုပ်သား အင်အားပေါင်း ၈၂,၆၆၆ အတွက် လူမှုဖူလုံရေး စီမံကိန်းအဖြစ် မြို့နယ်လူမှုဖူလုံရေးရုံးတစ်ရုံး၊ ဆေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့သည် အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့် ရရှိစေရန် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၇ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခု၊ ဌာနကြီးဆေးခန်း ၅၅ ခန်း၊ လူမှုဖူလုံရေး Care Well ဆေးခန်း နှစ်ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ရွေ့လျား ဆေးကုသယာဉ် နှစ်စီးတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

J-18

  • VIA