News

POST TYPE

NEWS

အများပိုင်ကုမ္ပဏီနှင့် ရွှေမိုင်းတွင်း လုပ်သားများ ဦးဝင်းထိန်ထံ အကူအညီ တောင်းရန်စီစဉ်
သပိတ်ကျင်း၊ အောက်တိုဘာ ၂၂

ရွှေသတ္တုသယံဇာတ ထွက်ရှိရာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဒေသခံများဖြင့် ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီများနှင့် အခြေခံ မိုင်းတွင်းအလုပ်သမား အဖွဲ့အစည်းများက လုပ်ကွက်ရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နာယက ဦးဝင်းထိန်နှင့် တွေ့ဆုံကာ အကူအညီ တောင်းခံရန် စီစဉ်နေကြောင်း ချောင်းကြီးကျေးရွာ မေတ္တာ တံခွန်ရွှေမိုင်းတွင်း အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်းမြင့်နိုင်က ပြောကြားသည်။

ဒေသအတွင်းရှိ ရွှေလုပ်ကွက်များကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနေနှင့် လုပ်ကိုင်ခွင့်ရရှိရန်၊ အခြေခံ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ယခုအောက်တိုဘာလ နောက်ဆုံးအပတ်တွင် သွားရောက် တွေ့ဆုံမည်ဟု ၎င်းကဆိုသည်။

“တိုင်းဝန်ကြီးချုပ်နဲ့အတူ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဒီကိုလာတုန်းက ပြောထားတာ ရှိတယ်။ ဒီဒေသမှာရှိတဲ့လူတွေ အများပိုင် ကုမ္ပဏီဖွဲ့ကြပါ။ တိုင်းအစိုးရအဖွဲ့က သဘောထား မှတ်ချက်ပေးရမှာ ဖြစ်တဲ့အတွက် ထောက်ခံတင်ပြပေးမယ်ဆိုတာ အခုထိ အကောင်အထည် မပေါ်လို့ အကူအညီ တောင်းမှာပါ”ဟု ၎င်းကရှင်းပြသည်။

အများပိုင် ကုမ္ပဏီများနှင့် ရွှေမိုင်းတွင်း အခြေခံ အလုပ်သမား အဖွဲ့အစည်းများအနေနှင့် ပါတီတာဝန်ရှိသူ ဦးဝင်းထိန်ထံ သွားရောက်တွေ့ဆုံ အကူအညီ တောင်းခံမည်ကို မသိရှိသေးကြောင်း သပိတ်ကျင်းမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က ပြောကြားသည်။

“ဒါကတော့ သူတို့ကဏ္ဍပေါ့။ အခု သတ္တုလုပ်ကွက်တွေ အများပိုင် ကုမ္ပဏီတွေရရှိဖို့ နည်းဥပဒေ မထွက်သေးတဲ့အတွက် ဘယ်လိုမှလုပ်လို့ မရသေးတဲ့ အနေအထား တစ်ခုဖြစ်နေတာ။ အကောင်းဆုံး အနေအထားတစ်ခု ဖြစ်အောင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။

သပိတ်ကျင်းမြို့နယ်အတွင်း သတ္တုတူးဖော် ထုတ်လုပ်နေသော ကုမ္ပဏီ ၂၆ ခု၊ ရွှေလုပ်ကွက်ပေါင်း ၈၀ ရှိပြီး ဒေသခံများဖြင့် ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီ ရှစ်ခုနှင့် မေတ္တာတံခွန် ရွှေမိုင်းတွင်း အခြေခံ အလုပ်သမား သုံးထောင်ခန့်ရှိကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းထံမှ သိရှိရသည်။

R-05