News

POST TYPE

NEWS

ယဉ်ကျေးမှုမြို့တော်တွင် ပထမဆုံးအကြိမ် DJ ဂီတပွဲတော် ကျင်းပမည်
22-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၂၂

ယဉ်ကျေးမှုမြို့တော်ဟု တင်စားခံရသည့် မန္တလေးမြို့တော်ရှိ မန္တလာသီရိအားကစားကွင်းအတွင်း၌ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပထမဆုံးအကြိမ် DJ ဂီတပွဲတော် (Electro DJ Music Festival) ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် The Rave Entertainment တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါပွဲကို ရန်ကုန်မြို့တော်တွင်သာ ကျင်းပဖူးပြီး ပါဝင်ဆင်နွှဲလိုသူများအနေနှင့် ရန်ကုန်သို့ သွားရောက်ကြည့်ရှုရသောကြောင့် မန္တလေးမြို့တော်တွင် နေထိုင်သူများ ပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း The Rave Entertainment ကို တည်ထောင်သူတစ်ဦး ဖြစ်သည့် ဦးစိုးလပြည့်အောင်က ပြောဆိုသည်။

“မန္တလေးသူ မန္တလေးသားတွေ အနေနဲ့ မန္တလေးမှာပဲ လုံခြုံစိတ်ချစွာ ပျော်ရွှင်နိုင်ဖို့ ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ရန်ကုန်မှာ ပွဲလုပ်တယ်ဆိုရင် မန္တလေးသားတွေ ရန်ကုန်အထိ သွားကြရတယ်။ ခုမန္တလေးမှာ လုပ်မယ်ဆိုတော့ ဒီအနီးအနားမြို့တွေကလည်း လာရောက် ဆင်နွှဲနိုင်ကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ချမ်းမြသာစည်မြို့နယ်တွင် ကျင်းပမည့် အဆိုပါဂီတပွဲသည် DJ တီးလုံးတီးကွက်များဖြင့်သာ ကခုန်ကြရသည့် ပွဲတော် အမျိုးအစားတစ်ခုဖြစ်ပြီး ဟောလိုးဝင်း ပွဲတော်ညဖြစ်သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ ပွဲတော်လာသူများ အနေနှင့် ဟောလိုးဝင်းပုံစံ မိတ်ကပ်လိမ်းနိုင်ကြမည်ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းဂီတပွဲတော်၌ နိုင်ငံတကာ DJ ပွဲများတွင် တီးခတ်နေသည့် DJ Garmiana ၊ ဟော်လန်နိုင်ငံသား DJ Debris၊ ထိုင်းနိုင်ငံမှ Vida နှင့် ပြည်တွင်း DJ တီးခတ်သူများဖြစ်သည့် DJ W ၊ DJ Kendrick၊ Ou-J ၊ DJ ရန်နိုင်၊ DJ K-9 တို့က တီးခတ်ကြမည်ဖြစ်သည်။

အဆိုပါပွဲအတွက် ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် ၂၅,ဝ၀ဝ ကျပ်၊ VIP လက်မှတ်တစ်စောင်လျှင်  ၅၅,ဝ၀ဝ ကျပ်၊ VVIP လက်မှတ်တစ်စောင်လျှင် ကျပ် ဆယ်သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကာ လက်မှတ်များကို Power Mobile ဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

M-04