News

POST TYPE

NEWS

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပေါ် မိုက်ကယ်ကျော်မြင့်၏ ဆန္ဒထုတ်ဖော်မှု တာမွေဟစ်တိုင်၌သာ ခွင့်ပြု
22-Oct-2017 tagged as


ရန်ကုန်၊ အောက်တိုဘာ ၂၂ 

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူအင်အား ၅၀ဝ ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တင်ပြတောင်းခံမှု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုဘဲ တာမွေမြို့နယ် ဟစ်တိုင်ကွင်းတွင်သာ ခွင့်ပြုပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ထံမှ သိရသည်။

“ရာထူးနှင့်အာဏာကို အလွဲသုံးစားပြု၍ ပြည်သူအပေါ် အနိုင်ကျင့်ပြီး အကျင့်ပျက်လုပ်ရပ်များ လုပ်ကိုင်ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အရေးယူပေးရေး” အကြောင်းအရာခေါင်းစဉ်ဖြင့် ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့တော်ခန်းမရှေ့ ကားပါကင်ဘက်ခြမ်းတွင် လူအင်အား ၅၀ဝ ဖြင့် အောက်တိုဘာလ ၂၄ ရက်တွင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ပြ တောင်းခံခဲ့ရာ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းတွင်သာ ခွင့်ပြုပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ထံမှ သိရသည်။

“မြို့တော်ခန်းမရှေ့က အခုချိန်မှာ လုံခြုံရေးအရ အထူး သတိပြု ဆောင်ရွက်ရသည့်ကာလ ဖြစ်သည့်အတွက် ခွင့်မပြု ပြုတာလို့ ပြောတယ်၊ တာမွေဟစ်တိုင်မှာ ခွင့်ပြုပေးတဲ့ စာရွက်လည်းရပြီးပြီ၊ တာမွေမှာ ပြန်တင်စရာ မလိုတော့ဘူးလို့ ပြောတယ်၊ သူတို့ ထွေအုပ်အချင်းချင်း အကြောင်း ကြားပေးမယ်တဲ့၊ အဲဒါကြောင့် ခွင့်ပြုပေးတဲ့ဟစ်တိုင်မှာပဲ ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်”ဟု ကိုမိုက်ကယ်ကျော်မြင့်က The Voice မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ယင်းခွင့်ပြုချက် တင်ပြတောင်းခံမှုကို အောက်တိုဘာလ ၂၁ ရက်နေ့က ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် တင်ပြတောင်းခံခဲ့ရာ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ယင်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးမြင့်စိုးက ခေါ်ယူတွေ့ဆုံခဲ့ပြီး ညှိနှိုင်းခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံသူ မိုက်ကယ်ကျော်မြင့်မှာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြောဆိုမှုများကြောင့် ဒဂုံမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ မမှန်မကန် စွပ်စွဲတိုင်ကြားမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တို့ဖြင့်လည်းကောင်း တရားရင်ဆိုင် ဖြေရှင်းနေရသူ ဖြစ်သည်။

J-16

  • TAGS