News

POST TYPE

NEWS

ယခုနှစ်အတွင်း မီးလောင်မှုကြောင့် အယောက် ၉၀ နီးပါး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ မီးလောင်မှုများ နေရာအနှံ့ ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုများကြောင့် လူအယောက် ၉၀ နီးပါး သေဆုံးခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်း နှစ်ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မီးလောင်မှု အကြိမ် ၁၄၅၀ ကျော် ဖြစ်ပွားခဲ့သဖြင့် လူဦးရေ ၃၅၀ဝ ကျော်မှာ မီးဘေးသင့် ဒုက္ခသည်ဖြစ်ခဲ့ပြီး အိမ်ခြေ ၂၆၀ဝ ကျော်နှင့် စက်ရုံအလုပ်ရုံ ၄ လုံး၊ ဂိုဒေါင် ၂၃ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ယခင်နှစ်ထက် မီးလောင်မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီစာရင်းထဲမှာ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ဆုံးရှုံးမှုစာရင်း မပါသေးဘူး။ ဒီဟိုတယ်ရဲ့ ဆုံးရှုံးမှု တန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းတွေကို လက်ရှိ စုံခုံဖွဲ့ စစ်ဆေးနေတုန်း၊ မနှစ်က မင်္ဂလာဈေး မီးလောင် ဆုံးရှုံးမှု တန်ဖိုးက ကျပ်သိန်း သုံးသောင်းခြောက်ထောင်ကျော် ရှိခဲ့တယ်။ ဒီနှစ်တော့ အဲဆုံးရှုံးမှု တန်ဖိုးထက် မပိုနိုင်တော့ဘူး ထင်တယ်”ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုနှစ်အတွင်း မီးလောင်ရသည့် အကြောင်းအရင်းများမှာ မီးဖိုမီးမှ မီးလောင်ကျွမ်းမှု ၂၅၀ နီးပါးရှိပြီး ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီးနှင့် သောင်းကျန်းသူ ရှို့မီးတို့ကြောင့် မီးလောင်မှု စုစုပေါင်း အကြိမ်ရေ ၁၄၅၀ ကျော် ဖြစ်ပွားခဲ့သည်။ 

S-03