News

POST TYPE

NEWS

ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ကို ငွေကြေးလုပ်ငန်းများ ဆက်မလုပ်ရန် တိုင်းအစိုးရ တားမြစ်
ပုသိမ်၊ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေကို ပြောင်းရွှေ့မိန့် ထုတ်ပြန်ပြီး ဖြစ်သောကြောင့် အချိန်ပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခြင်းမပြုရန် ဧရာဝတီ တိုင်းအစိုးရအဖွဲ့က တားမြစ်ထားကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ဒေါက်တာညွန့်ဖေသည် ပြည်ထောင်စု အစိုးရက ပြောင်းရွှေ့မိန့် ထုတ်ပြန်ပြီးဖြစ်၍ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခြင်း၊ လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ရမည့်အစား အချိန်ပေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေခြင်း၊ ဝန်ထမ်းအိမ်ရာများ ချက်ချင်း ပြင်ဆင်ရန် ကန်ထရိုက်ခေါ်၍ လက်မှတ်ထိုး လုပ်ခွင့်ပေးခြင်း၊ ဝန်ထမ်းများအား ချက်ချင်း ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေးရန် အစည်းအဝေးခေါ်၍ ပြောခြင်းတို့ကြောင့် တိုင်းအစိုးရက စာထုတ်၍ တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အမှန်တကယ်တော့ အောက်တိုဘာ  ၁၁ ရက်နေ့ကတည်းက ပြောင်းရွှေ့မိန့် ထုတ်ပြီးသားပါ။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ အကယ်၍များ သူ့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေ သိမ်းတာ မပြီးပြတ်သေးလို့ ဒီက (ပုသိမ်တက္ကသိုလ်) မထွက်နိုင်သေးဘူး ဆိုရင်လည်း ဘာမှ စီမံပိုင်ခွင့်မရှိဘူး။ တားမြစ်တဲ့စာကို ပြည်ထောင်စုအစိုးရထံ ပို့ထားတယ်”ဟု ဒေါက်တာလှမြတ်သွေးက ပြောဆိုသည်။

ထိုကဲ့သို့ တားမြစ်ခံရခြင်းနှင့် ပတ်သက်၍ ဒေါက်တာညွန့်ဖေကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

ဒေါက်တာညွန့်ဖေကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်တာဝန်မှ နေပြည်တော် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) ညွှန်ကြားရေးမှူးချုပ်အဖြစ်  အောက်တိုဘာလ ၁၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းဖြင့် ပြောင်းရွှေ့ခန့်ထားခဲ့သည်။

R-12