News

POST TYPE

NEWS

ထူးချွန်ဆရာဆု ယခုနှစ် ပေးနိုင်မည်မဟုတ်
21-Oct-2017 tagged as ပညာရေး

ရန်ကုန်၊ အောက်တိုဘာ ၂၁

အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြ ဆရာများကို နှစ်စဉ် ရွေးချယ်ပေးလေ့ရှိသည့် ထူးချွန်ဆရာဆု ယခု စတုတ္ထနှစ်မြောက်တွင် ရွေးချယ်ဆုပေးနိုင်မည် မဟုတ်ကြောင်း ထူးချွန်ဆရာဆု ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအေးကြိုင်က ပြောကြားသည်။

ယခုစတုတ္ထနှစ်မြောက် ထူးချွန်ဆရာဆုရွေးချယ်ရန် စတင်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုက်ရခြင်းဖြစ်ပြီး မည်သည့် အကြောင်းကြောင့်ကိုမူ ဖြေကြားရန် ဆန္ဒမရှိကြောင်း ၎င်းက ယဉ်ကျေးစွာ ငြင်းပယ်သည်။ လာမည့်နှစ်တွင် ပြန်လည် ကျင်းပနိုင်ရန် ပညာရေး ဝန်ကြီးဌာနထံ တင်ပြခွင့်တောင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒါလောက် မွန်မြတ်တဲ့ လုပ်ငန်းကြီးရဲ့ အစဉ်အလာကောင်း တစ်ခုဟာ အမှတ်မထင် အကြောင်း အမျိုးမျိုးကြောင့် ဒီနှစ် ရပ်ဆိုင်းခဲ့တာဟာတော့ နိုင်ငံအတွက် အင်မတန် စိတ်မကောင်းစရာ ဖြစ်ပါတယ်”ဟု ဦးအေးကြိုင်က ပြောကြားသည်။

ယခုနှစ်အတွက် ထူးချွန်ဆရာဆု ရွေးချယ်ရန် ဗဟိုဦးစီးကော်မတီ ဖွဲ့စည်းပြီး ဆုရွေးချယ်ရေးအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုယ်စားလှယ် ခုနစ်ဦးစီနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ အခြေခံပညာဦးစီးဌာန ညွှန်/ချုပ်၊ ညွှန်/မှူးများ၊ အငြိမ်းစား ဝန်ထမ်းများဖြင့် ဖွဲ့စည်းပြီးမှ ရပ်နားလိုက်ရခြင်းဖြစ်သည်။

ပထမအကြိမ် ထူးချွန်ဆရာဆု ဗဟိုအဆင့်တွင် မူလတန်းဆင့် ပထမဆုရရှိခဲ့သည့် ယခု အထက(၃) မကွေး အလယ်တန်းပြ ဆရာမ ဒေါ်အေးအေးမော်က ယခုနှစ် မကျင်းပဖြစ်သော်လည်း မိမိသင်ကြားရသည့် ဘာသာရပ်အပေါ် ကျွမ်းကျင်သည့်အပြင် အစစ အရာရာ ပြည့်စုံထူးချွန်သည့် ဆရာဖြစ်ရန် ဆက်လက်ကြိုးစားသင့်ကြောင်း မှတ်ချက်ပြုသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အဓိက သယံဇာတ ဖြစ်သော ပညာဦးဆောင်သည့် လူ့စွမ်းအား အရင်းအမြစ် ဖြစ်စေရန်၊ ဆရာလောကတွင် ကောင်းသော ယှဉ်ပြိုင်ခြင်းဖြင့် သင်ကြားရေးတွင် အရည်အသွေးပြည့်သည့် ဆရာကောင်းများ ပေါ်ထွက်လာစေရန် ထူးချွန်ဆရာ ရွေးချယ်ပွဲ ကျင်းပဖြစ်ခဲ့ကြောင်း ဦးအေးကြိုင်က ပြောကြားသည်။

ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ခြင်းကို ပညာတန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းတို့ပေါင်း၍ ၂၀၁၄ ခုနှစ်ကတည်းက စတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက တစ်နှစ်လျှင် ကျပ်သိန်း ကိုးရာ၊ ငါးနှစ် ဆက်တိုက်လှူရန် ဆုံးဖြတ်ထားခဲ့ကြောင်း ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့ထံမှ သိရှိရသည်။

မြဇာခြည်သင်း