News

POST TYPE

NEWS

အသက် ၇၀ ကျော်အရွယ် လင်မယားနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်
21-Oct-2017 tagged as လူသတ်မှု

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင် အသက် ၇၀ ကျော်အရွယ်ရှိ လင်မယားနှစ်ဦးမှာ စကားများ ရန်ဖြစ်ရာမှ အောက်ပိုင်းလေဖြတ်နေသည့် ဇနီးကို ခင်ပွန်းက ဝါးတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသော အသက် ၇၂ နှစ် ဦးကြည်မှာ အောက်တိုဘာလ ၁၉ ရက် ည ၉ နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသဖြင့် ၎င်း၏ဇနီး အသက်  ၇၃ နှစ် ဒေါ်နွယ်နွယ်က ဆူပူသဖြင့် နှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ အရက်မူးနေသူ ဦးကြည်က ဝါးတုတ်ဖြင့် ဇနီးကို ရိုက်နှက်ခဲ့သောကြောင့် အောက်ပိုင်းလေဖြတ်နေသည့် ဒေါ်နွယ်နွယ်မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိက ရှင်းပြသည်။

“ဂီလာနဖြစ်နေတဲ့ ဇနီးအပေါ်ကို ပြစ်မှုကျူးလွန်သူ သူ့ခင်ပွန်းက အရင်က အတော်လေး ဂရုစိုက် ကြင်နာပေါင်းသင်းခဲ့တာလို့ ပတ်ဝန်းကျင်ထံက စုံစမ်းသိရတယ်။ အဲဒီနေ့က အရက်မူးနေလို့ စိတ်တိုပြီး ဝါးတုတ်နဲ့ ရိုက်မိရာက ဇနီးသည် သေသွားတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အမှုမှ ဦးကြည်ကို ဖမ်းဆီးခဲ့ပြီး သန်လျင်မြို့မ ရဲစခန်းက (ပ) ၃၁၁၂/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03