News

POST TYPE

NEWS

မြောက်ကိုရီးယားသည် နျူကလီးယားစွမ်းရည် စည်းအစပ်တွင် ရောက်ရှိနေဟု စီအိုင်အေအကြီးအကဲ ပြောကြား

နယူးယောက်၊ အောက်တိုဘာ ၂၁

မြောက်ကိုရီးယားသည် အမေရိကန် ပြည်ထောင်စုကို နျူကလီးယား ဒုံးကျည်ဖြင့် ပစ်ခတ်နိုင်စွမ်းတွင် စည်းအစပ်သို့ ရောက်ရှိနေပြီဟု စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုက သတိပေးပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်သည် ဒစ်ပလိုမေစီနည်းလမ်းနှင့် အရေးယူ ပိတ်ဆို့ခြင်းနည်းလမ်းများကို ပိုမိုနှစ်သက်သော်လည်း စစ်ရေးနည်းလမ်းကို စဉ်းစားနေဆဲဟု ၎င်းက ထုတ်ဖော်ပြောကြားသည်။

ပြုံယမ်း အစိုးရကမူ အမေရိကအထိ တိုက်ခိုက်နိုင်စွမ်းရှိနေပြီဟု ကြွေးကြော်ထားသည်။ 

“မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းရည်ဟာ လုံလုံလောက်လောက် ရှိဖို့ နီးစပ်နေပါပြီ။ သူတို့ရဲ့ အပြီးသတ်အဆင့်ကို ရပ်တန့်အောင် ဘယ်လို လုပ်မလဲဆိုတာကို စဉ်းစားဖို့ အချိန်ရောက်နေပါပြီ”ဟု ဝါရှင်တန် လုံခြုံရေး ဖိုရမ်တစ်ခုတွင် ပွန်ပီယိုက ပြောကြားသည်။

ပြုံယမ်း၏ ဒုံးကျည်စွမ်းရည်သည် မြန်မြန်ဆန်ဆန် တိုးတက်နေသောကြောင့် မည်သည့်အချိန်တွင် အောင်မြင်သွားမည်ကို ခန့်မှန်းရန် အမေရိကန် ထောက်လှမ်းရေးအဖို့ ခက်ခဲသည်ဟု ၎င်းကဆိုသည်။

ထို့ပြင် မကြာသေးမီက တာလီဘန်တို့လက်မှ လွတ်မြောက်လာသော ကနေဒါနိုင်ငံသား ဂျိုရှာဘွိုင်းလ် မိသားစုသည် ပါကစ္စတန်ပိုင်နက်အတွင်းတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်ဟု စီအိုင်အေ အကြီးအကဲက ရှင်းလင်းပြောကြားခဲ့ရာ ပါကစ္စတန် ထောက်လှမ်းရေးက ထောက်ပံ့ထားသော ပါကစ္စတန်စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်သည်ဟူသော အမေရိကန် အရာရှိအချို့၏ ပြောကြားမှုနှင့် ကိုက်ညီနေပြီး၊ အာဖဂန်နစ္စတန် နယ်မြေအတွင်း ချုပ်နှောင်ထားခြင်းဖြစ်သည်ဟူသော ပါကစ္စတန် အာဏာပိုင်များ၏ အပြောနှင့် ကွဲလွဲလျက်ရှိသည်။

အကြောင်းအရာ အမျိုးမျိုးကို ကျယ်ပြန့်စွာ ဆွေးနွေး ပြောဆိုသွားသော ပွန်ပီယိုက ရုရှားတို့၏ ခြေရှုပ်မှုသည် အမေရိကန် ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှု မရှိဟု မှတ်ချက်ပေးခဲ့သည်။

ထို့နောက် စီအိုင်အေက ထုတ်ပြန်သော ကြေညာချက်မှာမူ ပွန်ပီယို၏မှတ်ချက်နှင့် ကွဲလွဲပုံရပြီး စီအိုင်အေ ပြည်သူ့ရေးရာရုံး ဒါရိုက်တာဒင်းဘွိုင်းလ်က “အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားခြေရှုပ်မှုနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အကဲဖြတ်ချက်က ပြောင်းလဲ မသွားပါဘူး”ဟု ပြောကြားသည်။

အမေရိကန် ထောက်လှမ်းရေး ဌာနများက ရုရှားသည် အမေရိကန်သမ္မတရွေးပွဲ၌ ဒေါ်နယ်ထရမ့် အသာရအောင် ထိန်းချုပ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ထားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

F-04