News

POST TYPE

NEWS

ပျက်ကျ ဂျက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦး အလောင်းပြန်တွေ့
ပုသိမ်၊ အောက်တိုဘာ ၂၁

ပုသိမ်လေဆိပ်မှစတင်၍ လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ခဲ့စဉ် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပျောက်ဆုံးပျက်ကျခဲ့သည့် G-4 (SUPER GALB) တပ်မတော် ဂျက်လေယာဉ်မှူးနှစ်ဦး အလောင်းကို ပြန်လည်တွေ့ရှိနေပြီဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့တွင်ပါဝင်သည့် ဒေသခံရွာသားများထံမှ စုံစမ်းသိရှိရသည်။ 

အောက်တိုဘာ ၁၈ ရက်နေ့က ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ရင်းမှ ပျောက်ဆုံးလေယာဉ် အပိုင်းအစများစတင် တွေ့ရှိသည့် ဗုံမင်းရွာ (ကုလားချောင်းရွာ ဘုရားတည်မည့်တောင်မှ ၃ မိုင်ခွဲ၊ ဓနိရွာ မှ ၂ မိုင်၊ သစ်ကောက်ရွာမှ ၃ မိုင်အကွာ အရပ်သို့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်၍ ရှာဖွေရေးအဖွဲ့များ သွားရောက်ရှာဖွေရာ လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက်၏ ရုပ်အလောင်းနှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုး၏ လက်ပတ်နာရီကို တွေ့ရှိပြီးနောက် နှစ်ဦးစလုံး သေဆုံးပြီဟု တပ်မတော်ဆေးအဖွဲ့မှ အတည်ပြုလိုက်ကြောင်း ရှာဖွေအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ဒေသခံရွာသား ဦးစိုးမိုးက The Voice သို့ ပြောကြားသည်။

“အစပထမရှာဖွေတုန်းက ကျွန်တော် ပါဝင်ခဲ့တယ်၊ လေယာဉ်အပိုင်း အစ စတင် တွေ့ပြီးနောက် ဘယ်သူမှ လိုက်ပါခွင့် မရတော့ဘူး။ ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုး အလောင်းကို တွေ့တယ်လို့ သတင်းရတယ်။ ရှာဖွေရေးအဖွဲ့တွေက ကျွန်တော်တို့ ရွာကို ဖြတ်သွားတယ်။ မိသားစုတွေလည်း ရွာကို ရောက်လာကြတယ် ဆိုတော့ ဒေသခံတွေက သိနေတာ”ဟု ၎င်းက ရှင်းပြသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံ သန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက် မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ် ရရှိပြီး နောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

လေယာဉ်မှူး ၂ ဦး၏ အလောင်းများ တွေ့ရှိခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း၊ သေဆုံးသူ အရာရှိနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိသည့်ဒေသ၌ပင် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဖြစ်ပြီး အရိုးပြာကိုသာ ပုသိမ်မြို့သို့ ပြန်လည် ယူဆောင်လာမည်ဖြစ်ပြီး လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ခုံရုံးအဖွဲ့မှ ဆက်လက် စစ်ဆေးနေကြောင်း အရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဂျက်လေယာဉ်ကို အဆက်အသွယ် ပြတ်တောက်ခဲ့သည့် ယင်းနေ့ နံနက်ပိုင်းမှစတင်၍ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်တွင် မြေပြင်တပ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အမှတ် ၅၆၂ ခြေမြန်တပ်ရင်းမှ G-4 ဂျက်လေယာဉ်၏ အပိုင်းအစတချို့ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရသည်။ 

တွေ့ရှိခဲ့သည့် အစိတ်အပိုင်းများမှာ လေယာဉ်ဦးခေါင်း အစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်း အပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့ကို လေယာဉ် ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့်နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၊ ဂွမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ တောင်၂ လုံးအကြားရှိ လျှိုမြှောင်အတွင်း၌ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

R-12