News

POST TYPE

NEWS

ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ ငွေကြေး အကျပ်အတည်းတွေ့
20-Oct-2017 tagged as ဗြိတိန်


လန်ဒန်၊ အောက်တိုဘာ ၁၉

ဗြိတိန်၌ ငွေဖောင်းပွမှု မြင့်တက်ကာ ဘဏ်တိုးနှုန်းများ တက်လာနိုင်သည့်အချိန်တွင် ဗြိတိန်နိုင်ငံသား လေးသန်းကျော်သည် လစဉ် ပေးဆောင်ရမည့် စရိတ်စကများကို ပေးရန် အခက်တွေ့နေကြသည်ဟု ငွေကြေးကျင့်ဝတ် ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ FCA က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အများဆုံး ငွေကြေး အကျပ်ရိုက်သူများမှာ ငယ်ရွယ်သော စားသုံးသူများနှင့် ငှားရမ်း နေထိုင်သူများ ဖြစ်ကြပြီးလွန်ခဲ့သော ခြောက်လအတွင်း သုံးလစာမက ပေးရန် ပျက်ကွက်ခဲ့ကြရာ အများစုမှာ အသက် ၂၃ နှစ်နှင့် ၂၄ နှစ် ဝန်းကျင် အရွယ်များဖြစ်သည်ဟု FCA က ပြောကြားသည်။

လူပေါင်း ၁၃,ဝ၀ဝ ခန့်ကို မေးမြန်းလေ့လာရာတွင် ငှားရမ်း နေထိုင်သူ ထက်ဝက်နီးပါးက အခန်းခ တစ်လလျှင် ပေါင် ၁၀ဝ နီးပါး တက်လာခြင်းကို လိုက်မီရန်  ရုန်းကန်ရလိမ့်မည်ဟု ပြောကြားကြကြောင်း တွေ့ရှိရသည်။

စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သောစားသုံး သူအကြွေးယူမှုနှုန်းများ ကြီးထွားလာသည့်အပြင် ငွေဖောင်းပွမှုကြောင့် ဘဏ်တိုးနှုန်း တက်နိုင်ကြောင်း အင်္ဂလန်ဘဏ်က အချက်ပြနေသည့်အချိန်တွင် ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗြိတိန်တွင် လုပ်အားခ တိုးမှုကငွေ ဖောင်းပွမှုနှုန်း၏နောက်တွင် ဆက်လက် ကျန်ရစ်ခဲ့ရာ တိုးမြင့်လာသောပေးဆောင်ရန် စရိတ်စကများအပေါ် စားသုံးသူများ၏  ပေးနိုင်စွမ်းကို တိုက်စားလျက်ရှိသည်။

“ဘဏ်တိုးနှုန်းတက်မှုကို လုံးဝ မကြုံဖူးသေးတဲ့သူတွေ တစ်အုပ်တစ်မကြီး ရှိနေတယ်လို့ပြောရင် မလွန်တဲ့ အခြေအနေမျိုးကို ရောက်နေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေကြေးအကျပ်တွေ့သူတွေ ရှိနေတာကို ပြသနေပါတယ်”ဟု FCA အမှုဆောင်ဒါရိုက်တာ ခရစ်ဝူးလပ်က ပြောကြားသည်။

ဗြိတိန်ရှိ စားသုံးသူများ၏ထက်ဝက် သို့မဟုတ် ၂၅ ဒသမ ၆ သန်းခန့်သည် ကိုယ်ရေးကိုယ်တာ ငွေကြေး အကျပ်ရိုက်မှု တစ်မျိုးမျိုးကို ကြုံတွေ့ရမည့် အလားအလာ ရှိနေသည်ဟုအဆိုပါ အစီရင်စာက တင်ပြထားသည်။

“ဗြိတိန်မှာ အရွယ်ရောက်သူ ၂၇ ရာခိုင်နှုန်းဟာ ရှင်သန်နိုင်ရုံပဲ ရှိကြပြီး လူသန်းပေါင်း များစွာ ရင်ဆိုင်နေရတဲ့ ငွေကြေး ပြဿနာတွေ ရှိနေတဲ့အပြင် သူတို့ရဲ့ အခြေအနေ ပြောင်းသွားတာနဲ့ အခက်အခဲနွံထဲကို ကျသွားတော့မယ့် အန္တရာယ် ရှိနေတယ် ဆိုတာကို ဒီတွေ့ရှိချက်တွေက အတည်ပြုထားပါတယ်”ဟု ကြွေးမြီပြဿနာများကို ကိုင်တွယ်နေသည့် Money Advice Trust မှ အမှုဆောင်ဥက္ကဋ္ဌ ဂျိုနာအယ်လ်ဆန်က ပြောကြားသည်။

FCA သည် စားသုံးသူအကြွေးယူမှုများအပေါ် ဘဏ်တိုးနှုန်းတက်မှုကို ကိုင်တွယ်ရန် ဆောင်ရွက်နေပြီး အပြောင်းအလဲများကို အဆိုပြုရန် ရှိနေသည်။ ထို့အပြင် စားသုံးသူအကြွေး၊ ပေါင်နှံမှုများနှင့် အခြားကဏ္ဍများအတွက် စည်းကမ်းချက်များကို ပြင်ဆင်ရန် လေ့လာမှု ဆာဗေးမှ အချက်အလက်များကို အသုံးပြုသွားမည်ဖြစ်သည်။

F-04