News

POST TYPE

NEWS

မန္တလေးတွင် ဆိပ်ကမ်းလုပ်ကိုင်ခွင့်များ ချပေးမည်
20-Oct-2017 tagged as မန္တလေး

မန္တလေး၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်းအတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လုပ်ကိုင်ခွင့်နေရာများ ပြန်လည် ချထားပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။ 

စစ်ကိုင်းမြို့နယ်အတွင်းရှိ ရွှေကြက်ယက် ဆိပ်ကမ်းမှစကာ မန္တလေးမြို့တော်အတွင်းရှိ ဧရာဝတီမြစ်စီးဆင်းရာ ဂေါဝိန်၊ မရမ်းခြံ၊ ချော်ဆိပ်စသည့် ဆိပ်ကမ်းအားလုံးတွင် လုပ်ကိုင်ခွင့် ချထားပေးနိုင်ရေး တိုင်းတာမှုများ ပြုလုပ်ထားပြီဖြစ်ကာ လုပ်ကိုင်ခွင့် လျှောက်ထားသည့် လျှောက်လွှာ အရေအတွက်အပေါ် မူတည်ကာ နေရာချထားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။

“တစ်နှစ်တစ်ခါ လျှောက်ရတယ်။ နိုင်ငံတော် အစိုးရရဲ့ လိုအပ်ချက်အရ စီမံကိန်းတစ်ခုခု အကောင်အထည် ဖော်မယ်ဆိုရင်တော့ ဖယ်ပေးရမယ်။ လျှောက်ထားတဲ့လုပ်ငန်းပေါ် မူတည်ပြီး လုပ်ငန်း သဘာဝအလိုက် ကော်မတီကနေပြီး နေရာ အကျယ်အဝန်း ခွင့်ပြုမှာပါ”ဟု ၎င်းကဆိုသည်။

သဲများ၊ ထင်းများနှင့် အခြားလုပ်ငန်းသုံး ပစ္စည်းများ စုပုံနိုင်မည့်နေရာ၊ ရေယာဉ်များ ဆိုက်ကပ် ထွက်ခွာမည့် ဆိပ်ကမ်းနေရာ၊ မြစ်ကမ်းဘေးတွင် လုပ်ငန်းလုပ်ကိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အအုံ နေရာဟူ၍ သုံးမျိုးရှိရာ အခွန်ငွေအဖြစ် သဲနှင့် အခြားပစ္စည်း စုပုံ နေရာအတွက် တစ်စတုရန်းမီတာလျှင် ၃၇၅ ကျပ်၊ ဆိပ်ကမ်းနေရာနှင့် အဆောက်အအုံနေရာအတွက် တစ်စတုရန်းမီတာလျှင် ၁၂၅ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဆိပ်ကမ်းနေရာချထားရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

“ပေ ၂၀ဝ အရှည်ရှိတဲ့ သင်္ဘောကပ်မယ်ဆိုရင် ပေ ၁၀ဝ ပဲ ပေးလို့မရဘူး။ သူ့လုပ်ငန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ချပေးမယ်။ ရေယာဉ်တွေအတွက်  သူတို့ အချင်းချင်းညှိပြီး တစ်နေရာတည်းမှာ သုံးလို့ရမယ်။ လျှောက်ထားတဲ့အတိုင်းလည်း ပေးလို့မရဘူး။ စိစစ်ပြီးမှ ချထားပေးမယ်”ဟု အဆိုပါကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ဖြည့်စွက် ပြောဆိုသည်။

ပြီးခဲ့သော ဘဏ္ဍာနှစ်က ဆိပ်ကမ်းနှင့် ပတ်သက်သော လုပ်ငန်းများမှ အခွန်ငွေ ကျပ်သိန်း ၅၀ဝ၀ ခန့် ရရှိခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာနစ်အတွက် ဆိပ်ကမ်း နေရာချထားပေးမည်ဖြစ်ရာ အောက်တိုဘာ ၂၃ ရက်နေ့ကစ၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

M-04