News

POST TYPE

NEWS

ဒဂုံမြောက်တွင် ချစ်သူအမျိုးသမီးကို မီးရှို့သတ်
ရန်ကုန်၊ အောက်တိုဘာ ၂၀

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၅၁ ရပ်ကွက်၊ ဘုရင့်နောင် (၂) လမ်းရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီးတစ်ဦးကို ၎င်း၏ချစ်သူ အမျိုးသားက မီးရှို့သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီဝန်းကျင်က ဘုရင့်နောင် (၂) လမ်းတွင် နေအိမ်တံခါး အပြင်မှ သော့ခတ်ထားသည့် အိမ်အတွင်း မီးလောင်နေသောကြောင့် ရပ်ကွက်နေသူများက တံခါးရိုက်ချိုးဖျက်စီးကာ မီးဝိုင်းငြှိမ်းသတ်ခဲ့သည်။

ယင်းနောက် မီးငြိမ်းသွားသည့်နေအိမ်ထဲ ရဲတပ်ဖွဲ့က ဝင်စစ်ဆေးရာ အိပ်ခန်းထဲတွင် ပါးစပ်နှင့်နှာခေါင်းကို ပုဆိုးစဖြင့်ပတ်ထားပြီး မီးလောင်ဒဏ်ရာများနှင့် သေဆုံးနေသော အသက် ၃၁ နှစ်အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မီးလောင်သည့် နေအိမ်ကို တစ်လလျှင် ကျပ် တစ်သိန်းဖြင့် ၅ လ စာချုပ်ချုပ်ဆို ငှားရမ်းထားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသည်။

“၁၈ ရက် ညနေပိုင်းက သေဆုံးသူနဲ့ သူ့ရည်းစား မီးလောင်သွားတဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့အတူ ရောက်လာတယ်လို့ ပတ်ဝန်းကျင်က စုံစမ်း သိရတယ်။ စစ်ဆေးချက်အရ အမျိုးသမီးကို မီးရှို့သတ်ပြီး အပြင်ကနေ အိမ်တံခါး သော့ခတ်သွားတာ။”ဟု ရဲအရာရှိက ဆိုသည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ သေဆုံးသူ အမျိုးသမီး၏ချစ်သူ အသက် ၃၀ နှစ် မောင်ယဉ်သန်း နေထိုင်ရာ မြောက်ဥက္က္တလာပမြို့နယ် အိန္ဒြာ (၂)လမ်းရှိ နေအိမ်ကို သွားရောက် ရှာဖွေခဲ့သော်လည်း ယင်းအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03