News

POST TYPE

NEWS

မဟာမုနိဘုရားကြီးရှိ လုံခြုံရေးကင်မရာများ သူခိုးဖမ်းဆော့ဖ်ဝဲ ထည့်သွင်းရန်စီစဉ်
20-Oct-2017


မန္တလေး အောက်တိုဘာ ၂၀

မန္တလေးမြို့ရှိ မဟာမုနိဘုရားအတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများတွင် သူခိုးဖမ်းဆော့ဖ်ဝဲ ထည့်သွင်းရန်စီစဉ်နေကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

မိုးကောင်းဓမ္မာရုံ၌ ယနေ့ (အောက်တိုဘာ ၂၀ ရက်) ကျင်းပခဲ့သည့် မဟာမုနိဘုရာကြီး၏နောက်ကျောမှ ရွှေသားများ အောက်တိုဘာလ ၁၈ ရက်နေ့က ခွာယူခံခဲ့ရခြင်းနှင့် ပတ်သက်သည့် သတင်းစားရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဘုရားပေါ်မှာ ခိုးဆိုးနှိုက် ကျူးလွန်ခဲ့တဲ့သူတွေရဲ့ အချက်အလက်တွေကို လုံခြုံရေး ကင်မရာတွေထဲမှာ ထည့်သွင်းထားမယ်။ ဒီလူ ဘုရားပေါ် ၀င်လာတာနဲ့ ကင်မရာကနေ အသံမည်မယ်။ ဒီစနစ်ကို ကင်မရာတွေထဲမှာ အမြန်ဆုံး ထည့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ပြည်တွင်းက နည်းပညာ ကုမ္ပဏီတစ်ခုနဲ့ ညှိနေတယ်”ဟု ဦးစိုးလင်းက ပြောကြားသည်။

မဟာမုနိဘုရားတွင် သြဂုတ်လအတွင်းက ခိုးဆိုးနှိုက်ဖြစ်စဉ် လေးကြိမ်ရှိခဲ့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မဟာမုနိဘုရားတွင် လုံခြုံရေးကင်မရာ ၄၂ လုံး တပ်ဆင်ထားပြီး လုံခြုံရေးဝန်ထမ်း ၆၄ ဦးဖြင့် အချိန်ပြည့် စောင့်ကြည့်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က မဟာမုနိဘုရားကြီး နောက်ကျောဘက်ရှိ ရွှေသားများကို ခွာယူခံခဲ့ရပြီး ၁၉ ရက်နေ့တွင် ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့၍ အမှတ် ၁၀ ရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းက (ပ) ၄၀၇/၂၀၁၇/ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ /၂၉၅ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ကျူးလွန်သူမှာ မဟာအောင်မြေမြို့နယ် အကြော်တန်းရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ထွန်းအောင်ကျော်ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့က မဟာမုနိဘုရား နောက်ကျောမှ ရွှေသားများကို အရှည် လေးလက်မ အဝတစ်လက်မရှိ စတီးပိုက်ဖြင့် ထိုးခွာယူခဲ့ရာ ကျပ်တစ်သိန်းခုနှစ်သောင်းခန့် ဆုံးရှုံးခဲ့ကြောင်း ၁၉ ရက်နေတွင် ယင်းကဲ့သို ထပ်မံပြုလုပ်ရန် လာရောက်စဉ် ဘုရားလုံခြုံရေး ဝန်ထမ်းများက ဖမ်းဆီး၍ အမှတ် ၁၀ မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မဟာမနိဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ခဲ့သည်။

M 05

  • VIA